ရခိုင်ကမ်းရိုးတန်းဒေသအတွင်း ခရီးသည်များစိတ်ချလုံခြံုစွာ သွားလာနိုင်ရေးအတွက် ပြည်တွင်းရေကြောင်းဌာနသို့ ဂျပန်နိုင်ငံ JICA ဖောင်ဒေးရှင်းမှ ပေးအပ်သည့် ကစ္ဆပနဒီ (၁) အမြန်ရေယာဉ်အား ယနေ့နံနက်ပိုင်းက ရခို်င်ပြည်နယ်် ရေကြောင်းဌာနခွဲသို့ လွှဲပြောင်းပေးခဲ့သည်။
“ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဒေသခံပြည်သူတွေ ဘေးကင်းပြီးတော့ စိတ်ချလုံခြံုစွာ သွားလာနိုင်ရေးအတွက် ရေယာဉ်သုံးစီးကို ပေးအပ်လှူဒါန်းထားပါတယ်။ လောလောဆယ်မှာတော့ ကစ္ဆပနဒီ (၁) ကို လွှဲပြောင်းပေးအပ်တာပါ။ နောက်နှစ်စီးကိုတော့ မကြာခင်မှာဆက်လက်ပြီး ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီဒေသမှာပြေး ဆွဲနိုင်ဖို့အတွက် ပေးအပ်မယ့််သင်္ဘောတွေကိုလည်း ဒေသနဲ့ကိုက်ညီတဲ့သင်္ဘောတွေကိုပဲ ပေးအပ်တာပါ။”ဟု မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr- Tateshi HIGUCHI လွှဲပြောင်းပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါရေယာဉ်အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr- Tateshi HIGUCHI အပါအဝင် JiCA အဖွဲ့မှ တာဝန်ရှိသူများကိုယ်တိုင် လာရောက်ကာ ပြည်တွင်းရေကြောင်းဌာန ရခိုင်ဌာနခွဲသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လက်ခံခဲ့ကြောင်းသိရသည်။
အဆိုပါသင်္ဘောမှာ ဂျပန်နိုင်ငံမှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းသို့ မတ်လ ၁၄ ရက်နေ့က ရောက်ရှိလာခဲ့ခြင်း ဖြစ်ကာ ရခိုင်ဌာနခွဲသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မကြာမီရက်ပိုင်းအတွင်း ကမ်းရိုးတမ်း ရေကြောင်းလိုင်းများဖြစ်သည့် စစ်တွေ-မြေပုံ-ရမ်းဗြဲ-ကျောက်ဖြူ-တောင်ကုတ်လိုင်းအား စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“ရခိုင်ကမ်းရိုးတန်းမှာပြေးဆွဲဖို့အတွက် ကျွန်တော်တို့ကို ဂျပန်အစိုးရကနေ ရေယာဉ်သုံးစီးပေးအပ်လှူဒါန်းပါတယ်။ ကစ္ဆပနဒီ ၂ နဲ့ ၃ ကို တည်ဆောက်ဆဲဖြစ်ပါတယ်။ ၁ နဲ့ ၂ ကတော့ ဂျပန်ယန်း သန်း ၅၀၀ နီးပါးတန်ဖိုးရှိပါတယ်။ လိုအပ်နေတဲ့ ဆိပ်ခံတံတားတွေကိုလည်း ဂျပန်နိုင်ငံက တည်ဆောက်ပေးသွားမှာပါ။”ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
စစ်တွေ-တောင်ကုတ် ရေကြောင်းလိုင်းမှာ ရခိုင်ကမ်းရိုးတန်းဒေသ ပို့ဆောင်ရေးရေကြောင်းလိုင်း တစ်ခုဖြစ်ပြီး ယခင်က ပြည်တွင်းရေကြောင်းဌနမှ သင်္ဘောကြီးများဖြင့် ပြေးဆွဲလျှက်ရှိရာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း အောင်တံခွန်အမှတ် ၃ သင်္ဘောနစ်မြုပ်မှုကြောင့် ယင်းရေကြောင်းလိုင်းများအား ရပ်နားထားခဲ့ပြီးနောက်ပိုင်းတွင် နှစ်နှစ်ခွဲခန့်အကြာတွင် ပြန်လည်ပြေးဆွဲ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။







