စစ်ဘေးရှောင်စခန်းက ပြည်သူတွေကို အလုပ်ရှာပေးဖို့ ပြည်နယ်အစိုးရကို ဒေါ်စု တာဝန်ပေး

စစ်ဘေးရှောင်စခန်းက ပြည်သူတွေကို အလုပ်ရှာပေးဖို့ ပြည်နယ်အစိုးရကို ဒေါ်စု တာဝန်ပေး
by -
မဇ္ဈိမ
 ပြည်နယ်အစိုးရအနေဖြင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလုံနေကြရသည့် ပြည်သူများအား အလုပ်အကိိုင်အခွင့်အလမ်း ရှာဖွေပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးလိုက်သည်။

“ပြည်နယ်အစိုးရအနေနဲ့ စခန်းထဲမှာရှိတဲ့ ကျမတို့ရဲ့ ပြည်သူလူထုတွေထဲမှာ ဘယ်သူတွေကနေ ဘာကိုလုပ်နိုင်တဲ့ အရည်အချင်းရှိလဲ ဆိုတာကို ကျမတို့ ကြည့်ရမယ်။ ကြည့်ပြီးတော့ အလုပ်ရှာဖွေပေးဖို့ပဲ။ လုပ်ငန်းတွေလည်း ဖန်တီးပေးရင် ဖန်တီးပေးရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ခတ်ချိုစစ်ရှောင်စခန်းသို့ မတ်လ ၂၈ရက်၊ မွန်းလွဲပိုင်းကရောက်ရှလာစဉ် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

 “ကိုယ့်ကိုယ်ကို စိတ်မလျှော့နဲ့နော်။ ကျောင်းမနေဘူးလို့ အလုပ်မလုပ်နိုင်ဘူးလို့ မထင်နဲ့။ ကျောင်းမနေဘူးပေမယ့်လည်း တခြားကိုယ့်မှာ အလုပ်လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိတယ်။ အဲ့ဒါတွေကို ဖော်ထုတ်ဖို့ဟာတော့ ဝန်ကြီးချုပ်တွေရဲ့ တာဝန်ဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

၂၀၁၁ခုနှစ်က စတင်ဖွင့်လှစ်ထားသော အဆိုပါ ခတ်ချိုစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၀၁စု၊ လူဦးရေအားဖြင့် ၄၅၃ဦး ခိုလှုံလျက် ရှိသည်။

“ပြည်နယ်အစိုးရယ်၊ ကျွန်မတို့ရဲ့ လူကယ်ပြန်ဝန်ကြီးဌာနကနေပြီးတော့ စခန်းထဲက ပြည်သူတွေရဲ့ လက်ရှိစားဝတ်နေရေးသာ မဟုတ်ဘူး။ အလုပ်အကိုင်ရရှိရေးကို အဓိကထားပြီးတော့ လုပ်ပေးစေချင်ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စခန်းရှိ စစ်ဘေးရှောင် ပြည်သူတချို့ကမူ ၎င်းတို့အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းကြောင့် စားဝတ်နေရေးအတွက် အခက်အခဲရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့သည်။

ထိုသို့ တင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က “စစ်ရှောင်စခန်းတွေက ပြည်သူတွေရဲ့ လိုအပ်ချက်ကို တတ်နိုင်သလောက် ဖြည့်ပေးမယ်” ဟု ပြန်လည်ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၂၈ရက်၊ နံနက် ၈နာရီ ၅၀မိနစ်တွင် နေပြည်တော်မှ တဆင့် မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် Palm Spring Hotel တွင် ကချင်လူထုခေါင်းဆောင်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

တွေ့ဆုံမှုအပြီးတွင် ဝိုင်းမော်မြို့နယ်ရှိ ခတ်ချိုစစ်ရှောင်စခန်း၊ မိုင်းနားကျေးရွာရှိ KBC စခန်းသို့ သွားရောက်ခဲ့သလို လန်ဆယ်ဒေသရေဘေးသင့်ကျောင်းသားကျောင်းသူများနှင့်လည်း တွေ့ဆုံခဲ့ပြီး မြစ်ကြီးနားမြို့ရှိ ပြည်လုံးချမ်းသာ လူငယ်ပရဟိတဖွံ့ဖြိုးရေးကျောင်းတိုက်သို့ သွားရောက်ပြီးနောက် ညနေ ၆နာရီတွင် ခရီးစဉ်အဆုံးသတ်ကာ နေပြည်တော်သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...