အဆိုပါဒေသခံများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် အစိုးရအဖွဲ့ဝင်များသည် မတ်လ ၁၉ ရက်နေ့က အမ်းမြို့နယ် ကျောက်မြောင်း၊ ရေကောင်းချိန်ကျေးရွာတို့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကျေးရွာ၏လတ်တလော ပြုလုပ်ရန်လိုအပ်နေသည့် လမ်းတံတားများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူမှုရေးကိစ္စရပ်များကို တင်ပြတောင်းဆိုမှုကြောင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဝန်ကြီးချုပ်တို့ ရောက်လာခဲ့တဲ့အခါမှာ ကျွန်တော်တို့ ကျေးရွာတွေမှာ ဘာတွေလိုအပ်တာတွေရှိလဲ သူတို့ကူညီပေးဖို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တောတို့မှာလဲ လိုအပ်နေတဲ့ ဘုန်းတော်ကြီးကျောင်း ကိစ္စတွေ။ စာသင်ကျောင်းကိစ္စတွေ။ လမ်းတွေပြုပြင်ဖို့ လိုအပ်နေတာတွေ။ အများကြီး တင်ပြကြပါတယ်။ ကျောက်မြောင်းအုပ်စုအတွက် ဝန်ကြီးချုပ်ကနေ ပြီးတော့ ကျပ်သိန်း ၁၀၃ သိန်းကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကော်မတီဖွဲ့ပြီးတော့ ပေးအပ်ခဲ့ပါတယ်”ဟု ကျောက်မြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။
အမ်းမြို့နယ်သည် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သည့် ရခိုင်ပြည်နယ်၏ တစ်ခုတည်းသော မဲဆန္ဒနယ်မြေဖြစ်ကာ ယင်းမဲဆန္ဒနယ်မြေအတွင်း လက်ရှိအစိုးရအဖွဲ့၏ NLD ပါတီအပါအဝင် ရခိုင်အမျိုးသားပါတီ် (ANP)၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ (USDP)နှင့် တသီးပုဂ္ဂလတစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ရန်အတွက် မဲဆွယ်စည်းရုံးလျှက် ရှိကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောက်မြောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း မုခ်ဦးနှင့်နတ်လမ်း ပြုလုပ်ရန်အတွက် ကျပ်သိန်း ၂၀၊ ရေကန်ခြံစည်းရိုး ပြုလုပ်ရန်အတွက် ကျပ် ၂၅ သိန်းနှင့် ရေကောင်းချိန်ကျေးရွာ ဆိပ်ကမ်းဆင်းလမ်း ပြုပြင်ရန်အတွက် ကျပ် ၁၅ သိန်း၊ သိမ်တည်ဆောက်ရန် အတွက် ကျပ် ၂၅ သိန်း၊ စည်တောင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း ခြံစည်းရိုးပြုလုပ်ရန်အတွက် ကျပ် ၁၈ သိန်း စုစုပေါင်း ထောက်ပံ့ပေးအပ်ငွေ ၁၀၃ သိန်းတို့ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ စိုက်ပျိုးရေး မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်လွင်၊ လျှပ်စစ်၊ စက်မှှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးအောင်ကျော်ဇံ၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းနှင့် ပါဝင်ကြောင်း ဝန်ကြီးချုပ်ဦးညီပု၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည့် သတင်းအရ သိရသည်။







