အိမ်ထောင်သည် အမျိုးသမီး(၅)ဦးလျှင် (၁)ဦးမှာ ခင်ပွန်း၏ အကြမ်းဖက်မှုခံရဟု စစ်တမ်းတွင် ဖော်ပြ

အိမ်ထောင်သည် အမျိုးသမီး(၅)ဦးလျှင် (၁)ဦးမှာ ခင်ပွန်း၏ အကြမ်းဖက်မှုခံရဟု စစ်တမ်းတွင် ဖော်ပြ
by -
မဇ္ဈိမ
အိမ်ထောင်သည်အမျိုးသမီး(၅)ဦးလျှင် (၁)ဦးမှာ ခင်ပွန်း၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တစ်ခုခုကို ခံနေရသည်ဟု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်သည့် လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက် စစ်တမ်းတွင် ဖော်ပြထားသည်။

“အိမ်ထောင်ရှိ အမျိုးသမီးများအနက် ၁၅ရာခိုင်နှုန်းမှာ ခင်ပွန်းသည်၏ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို တွေ့ကြံုခဲ့ဖူးကြပြီး ၁၄ရာခိုင်နှုန်းမှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ၃ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို တွေ့ကြံုခံစားဖူးကြပါတယ်” ဟု စစ်တမ်းတွင် ပါရှိသည်။

အဆိုပါ မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာအချက်အလက်စစ်တမ်းအား အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)နှင့် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်သုံးမျိုးရန်ပုံငွေ(3MDG Fund)အဖွဲ့တို့၏ အကူအညီဖြင့် ကောက်ယူခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီး အိမ်ထောင်သည် ၅ယောက်မှာ ၁ယောက်က အကြမ်းဖက်ခံရတယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာရော အားလုံးပါတယ်။ ပမာဏအားဖြင့် နည်းတယ်၊ များတယ်ဆိုတာကတော့ ပြောဖို့ခက်မယ်။ ဥပမာအားဖြင့် အမျိုးသမီးကို မရိုက်ဘူး၊ မနှက်ဘူး။ သို့သော် စိတ်ဆင်းရဲအောင် လုပ်ရင်းလည်း ဒီအထဲမှာပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာသက်သက်မူက နေပြည်တော်တွင် မတ် ၂၃ရက်က ပြုလုပ်သည့် လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက်စစ်တမ်း ပင်မအစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ပြောသည်။

 အဆိုပါ စစ်တမ်းအရ အိမ်ထောင်စု ၁၀စုအနက် ၈စုမှာ သန့်ရှင်းသော သောက်ရေကို ရရှိကြောင်း၊ အိမ်ထောင်စုအားလုံး၏ ထက်ဝက်မှာ ယင်လုံအိမ်သာ အသုံးပြုကြကြောင်းနှင့် အိမ်ထောင်စုအားလုံး၏ ၅၆ရာခိုင်နှုန်းမှာ လျှပ်စစ်မီးရရှိကြောင်းလည်း ပါရှိသည်။

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၆ ဇူလိုင်လအထိ ကောက်ယူထားသည့် အဆိုပါ စစ်တမ်းတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ပျဉ်းမျှအားဖြင့် ကလေး ၂ဒဿမ ၃ဦးရှိသည်ဟုလည်း ဆိုထားသည်။

တိုင်းနှင့်ပြည်နယ်အလိုက် ကလေးမွေးဖွားနှုန်းကို နှိုင်းယှဉ်ပါက ချင်းပြည်နယ်တွင် ကလေးမွေးဖွားနှုန်း အများဆုံးဖြစ်ပြီး မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတွင်မူ ကလေးမွေးဖွားနှုန်း အနည်းဆုံးဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် အိမ်ထောင်သည် အမျိုးသမီးများ၏ ထက်ဝက်ကျော်သည် ခေတ်မီ သားဆက်ခြားနည်းလမ်းများကို အသုံးပြုနေကြပြီး သန္ဓေတားဆေးထိုးခြင်းမှာ အသုံးအများဆုံး သားဆက်ခြားနည်းဖြစ်ကာ သန္ဓေတားဆေးသောက်ခြင်းမှာ ဒုတိယအသုံးအများဆုံး သားဆက်ခြားနည်းဖြစ်သည်ဟုလည်း စစ်တမ်းတွင် ဖော်ပြပါရှိသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...