ပန်ခမ်း အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် UNFC တစ်စုံတစ်ရာ ဆုံးဖြတ်ခြင်း မရှိ

ပန်ခမ်း အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် UNFC တစ်စုံတစ်ရာ ဆုံးဖြတ်ခြင်း မရှိ
by -
မဇ္ဈိမ
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC ) က ပန်ခမ်း အစည်းအဝေး သဘောထား ထုတ်ပြန်ချက်အပေါ် တစ်စုံတစ်ရာ ချမှတ်ခြင်း မရှိဘဲ အချိန်ယူရှင်းလင်းသွားရန်သာ ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

မတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့ထိ သုံးရက်ကြာ UNFC ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးတွင် တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်ခြင်း ရှိမရှိ မေးမြန်းမှုအပေါ် နိုင်ဟံသာက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒါကတော့ ရှင်းလင်းတာပါပဲ။ လုံးဝကြီးကို တခုခု ဆုံးဖြတ်ဖို့က အချိန်စောနေသေးတယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်တယ်။ အခြေအနေကတော့ ဟိုဘက်ဒီဘက် နှစ်ခုဖြစ်နေတာကိုး။ ဟိုဘက်ကလည်း ၉ ချက်ကို သွားညှိနေတယ်။ ဒီဘက်မှာလည်း ပန်ခမ်းက ထွက်နေတော့။ ဒီနှစ်ခုက နည််းနည်း ဆန့်ကျင်တဲ့သဘောဖြစ်နေတော့ အဲဒါကို ကျွန်တော်တို့က ဒီကြားထဲမှာ အချိန်ယူပြီးတော့မှ ဆက်လက်ပြီးတော့ လှုပ်ရှားသွားဖို့၊ ရှင်းလင်းသွားဖို့ ချမှတ်တယ်။ ဘယ်ဟာကို မှန်တယ်မှားတယ်လို့ တစ်ခုခု အပြတ်မချသေးဘူး”ဟု နိုင်ဟံသာက သတင်းထောက်များကို ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်ထိ ပန်ခမ်းတွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တတိယအကြိမ် အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးမှုအပေါ် ဝ ပြည်နယ်၏ အထွေထွေ မူဝါဒနှင့် အသေးစိတ်တောင်းဆိုချက်များကို လက်ခံသည့် အခြေအနေအောက်တွင် ဝ ပြည်နယ်မှ ကမကထ ပြုလုပ်ပြီး မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးရေးအတွက် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူခဲ့သည်။

၄င်းနိုင်ငံရေးဆွေးနွေးမှု ကော်မတီတွင် UWSA မှ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းက ကော်မတီ၏ ဥက္ကဋ္ဌ နေရာတွင် တာဝန်ယူထားပြီး ကော်မတီအား ယခုမတ်လကုန်ပိုင်းတွင် ဖွဲ့စည်း၍ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးသွားရန် ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

UNFC မှ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)ကလည်း အစိုးရနှင့် အချက် ၉ ချက်အပေါ် ဆွေးနွေးညှိနှိုင်း၍ မူအားဖြင့် သဘောတူညီမှုများ ရရှိထားပြီး ဆက်လက် ညှိနှိုင်းရန် သဘောတူထားသည်။

UNFC တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်ပါတီ (LDP)၊ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)တို့ ပါဝင်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သုံးရက်ကြာ ကျင်းပသော အစည်းအဝေးတွင် UNFC ၏ ဖွဲ့စည်းပုံကို သုံးသပ်ခြင်း၊ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ညီလာခံ ကျင်းပရေး အစီရင်ခံစာများ သုံးသပ်ခြင်းနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေး သုံးသပ် ခဲ့ပြီးနောက် UNFC ဒုတိယအကြိမ် ညီလာခံကျင်းပမည့် ရက်ကို ရက်အကန့်အသတ်မရှိ ထပ်မံ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...