ICRC၏ တတိယအကြီးဆုံး ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာန ကျိုင်းတုံတွင် ဖွင့်လှစ်

ICRC၏ တတိယအကြီးဆုံး ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာန ကျိုင်းတုံတွင် ဖွင့်လှစ်
by -
မဇ္ဈိမ
မြေမြှုပ်မိုင်း၊ မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဝန်ဆောင်မှုပေးမည့် ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနတစ်ခုကို ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ ဆေးရုံကြီးတွင် မတ်လ ၈ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

မြေမြှုပ်မိုင်းအပြင် ယာဉ်မတော်တဆမှု၊ ရောဂါဘယနှင့် ကျန်းမာရေး ပြဿနာများကြောင့် ကိုယ်အင်္ဂါဖြတ်တောက်လိုက်ရသူများ အတွက် ခြေတုများ၊ အားပြုကိရိယာများ၊ အကြောအဆစ်ကုထုံးများ  ကုသပေးမှုများ ပါ၀င်သည့် ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာန ဖြစ်ပြီး လာမည့် မေလတွင် စတင်နိုင်တော့မည်ဖြစ်သည်။

ကုတင် ၃၄ လုံး၊ ဝန်ထမ်း (၂၇) ဦးဖြင့်  လူများကို ကုသမှု၊ ၀န်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ  လုပ်ငန်းအပြည့်အဝ လည်ပတ်ပါက တစ်နှစ်လျှင် လူနာဦးရေ (၉၁၀) အထိ လက်ခံသွားနိုင်မည်ဟု မျှော်မှန်းထားသည်။

အဆိုပါဌာန လုပ်ငန်းစတင်ချိန်တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒူးအောက်ပိုင်း ခြေတုလဲလှယ်တပ်ဆင်မည့် သူများ၊ ခြေတုပြုပြင်မည့်သူ များကို လက်ခံဆောင်ရွက်ပေးသွားမည့်အပြင် ခြေတုများကိုလည်း အခမဲ့ တပ်ဆင်ပေးသွားမည်ဟု သိရသည်။

“ ခြေတုတပ်ဆင်တဲ့သူတွေအနေနဲ့ ငွေကြေးတစ်စုံတစ်ရာ ကုန်ကျဖို့ရာမရှိပါဘူး” ဟု ဦးမိုးမြင့်အောင်၊ အိုင်စီအာရ်စီရန်ကုန်မှ မဇ္စျိမကို မတ်လ ၉ ရက်တွင် ပြောသည်။

ခြေတုတပ်ဆင်လိုသူများအနေနှင့် သက်ဆိုင်ရာ မြို့နယ် ကြက်ခြေနီအသင်းများတွင်လည်း ကြိုတင်စာရင်းပေးနိုင်ပြီး အလှည့်အကျ စနစ်ဖြင့် စတင်သွားမည်ဖြစ်ကြောင်း ဦးမိုးမြင့်အောင်က ပြောခဲ့သည်။

ယခုကဲ့သို့ဖွင့်လှစ်ခဲ့ခြင်းအားဖြင့် ရန်ကုန် မန္တလေးမြို့တို့နှင့် ဝေးလံသော နယ်စပ်ဒေသတစ်လျောက်တွင် ခြေတုတပ်ဆင်ရန် လွယ်ကူမြန်ဆန်ပြီး အချိန်ကုန်သက်သာမည်ဖြစ်ကြောင်းလည်းသိရသည်။

“အရင်တုန်းကဆိုရင် ရှမ်းပြည်နယ်အရှေ့ပိုင်းက လူနာတွေဟာ ဆရာဝန်ပြဖို့၊ အကြောအဆစ်ကုသမှုခံယူဖို့နဲ့ ခြေတုတပ်ဆင်ဖို့ အတွက် မန္တလေး ဒါမှမဟုတ် ရန်ကုန်အထိ နှစ်ရက်ကျော်ကြာအောင် အချိန်ယူ ဘတ်စ်ကားစီးပြီး သွားလာခဲ့ကြရတာပါ”  ဟု အိုင်စီအာရ်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ယုဂ်မွန်တာနီကပြောကြောင်း မတ်လ (၈)ရက်နေ့ အိုင်စီအာရ်စီ သတင်းထုတ်ပြန်ချက်မှသိရသည်။

ဤဌာနကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာကျပ်ငွေ ၁ ဒသမ ၈၆ ဘီလျံ အကုန််ကျခံတည်ဆောက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ မကြာမီက လွှဲပြောင်းပေးအပ်ခဲ့သည်။ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာန၏ လုပ်ငန်းဆောင်ရွက်နေသည့် ဧရိယာ အကျယ်အဝန်းအရ အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့နှင့် ကချင်ပြည်နယ် မြစ်ကြီးနား မြို့ရှိ ဌာနနှစ်ခုပြီးလျှင် ICRC ထောက်ပံ့ပေးထားသော တတိယအကြီးဆုံး ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...