တိုက်ပွဲဖြစ်ပွားနေဆဲ လောက်ကိုင်မြို့တွင် လူထောင်ကျော် နေရပ်မပြန်နိုင်ဘဲ သောင်တင်နေ

တိုက်ပွဲဖြစ်ပွားနေဆဲ လောက်ကိုင်မြို့တွင် လူထောင်ကျော် နေရပ်မပြန်နိုင်ဘဲ သောင်တင်နေ
by -
မဇ္ဈိမ
မြောက်ပိုင်းမဟာမိတ်နှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့အတွင်းတွင် လူပေါင်း ထောင်ချီပြီးသောင်တင်ကျန်နေကြောင်း   လောက်ကိုင်ဒေသခံအချို့နှင့် လာရှိုးအခြေစိုက် ပရဟိအဖွဲ့အချို့မှ တာဝန်ရှိသူများက မဇ္စျိမ သို့ အတည်ပြုပြောသည်။

“မသွားနိုင်တဲ့သူက ကြံခုတ်တို့ဘာတို့အလုပ်လာလုပ်၊ ဒီမှာ တအားအလုပ်ကောင်းတယ်ဆိုပြီး လာတဲ့အဖွဲ့တွေပဲကျန်တာ ။ သူတို့မြို့ခံတွေကြ သူ့ဟာသူသွားကြတာ၊ နမ့်စန်သွားတဲ့သူနဲ့ ဗမာပြည်သွားတဲ့သူနဲ့ပေါ့ ။ ပိုက်ဆံရှိတဲ့သူတွေသွားကြတာပေါ့ ။ ကျန်တဲ့သူကမသွားနိုင်သေး အလုပ်သမားတွေကျတော့သောင်တင်နေတာပေါ့ ။ အနည်းဆုံးကတော့ တစ်ထောင်ကျော်လောက် ကျန်နေသေးတယ် ”  ဟု လောက်ကိုင်မြို့တွင် သောင်တင်နေသူတစ်ဦးက ပြောသည်။

လောက်ကိုင်မြို့မှ ထွက်သည့်လမ်းကြောင်းများကိုပိတ်ထားခြင်းမရှိသော်လည်း လောက်ကိုင်-လားရှိုး ကားခမှာ လူတစ်ဦးလျှင် တစ်သိန်းခွဲ မြင့်တက်လာသောကြောင့် ကားခမတတ်နိုင်သည့် အလုပ်သမား အများစုပိတ်မိနေခြင်းလည်းဖြစ်သည်။

ပိတ်မိနေသူအများစုမှ ကြံခုတ်သည့်အလုပ်သမား၊ ဟိုတယ်၊ တည်းခိုခန်းနှင့် စက်ရုံများတွင် မြန်မာပြည်အနှံ့မှလာရောက် အလုပ်လုပ်ကိုင်နေသည့်အလုပ်သမားများဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် လားရှိုးအခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုနေမျိုးက ပြောသည်။

လောက်ကိုင်မြို့ဆေးရုံဝင်းတွင် စစ်ဘေးရှောင်များအတွက် ကယ်ဆယ်ရေးစခန်းတစ်ခု ဖွင့်ထားကြောင်း သိရသည်။ နယ်ခံမဟုတ်သည့် ပိတ်မိနေသူအများစုမှာ အဆိုပါ ကယ်ဆယ်ရေးစခန်းကို မသိသည့်အပြင် တိုက်ပွဲဖြစ်ပွားနေသောကြောင့်လည်း အပြင်မထွက်ရဲဖြစ် နေကြောင်း ကိုနေမျိုးက ၄င်း၏အတွေ့အကြံုကိုပြောပြသည်။

လောက်ကိုင်မြို့တိုက်ပွဲကြားတွင်ပိတ်မိနေသည့် လောက်ကိုင်မြို့နှင့် အနီးတစ်ဝိုက်ရှိ ထောင်ချီသည့်လူများသည် ပရဟိတအဖွဲ့များမှ လောက်ကိုင်မှ လားရှိုးသို့ အခမဲ့ လာရောက်ခေါ်ဆောင်သည့်ကားများကို စောင့်ဆိုင်းနေကြသည်။

လောက်ကိုင်မြို့တွင်ပိတ်မိနေသူတစ်ဦးက  “ ကယ်ဆယ်ရေးအဖွဲ့တွေက လာမယ်ဆိုတာ အခုထိမရောက်လာသေးဘူး။ လာကြိုမယ်လို့ ပြောတာပဲ ။ အရင်ကတော့ လောက်ကိုင်အထိလာတာ အခုက မလာနိုင်ဘူးဖြစ်နေတယ် ” ဟု ပြောသည်။

လောက်ကိုင်မြို့တွင်လက်ရှိအခြေအနေအရ စစ်ဘေးရှောင်များကို ကူညီသူ ပရဟိတသမား မရှိသလောက်ဖြစ်နေပြီး သွားရောက်ကူညီနိုင်ရန် ကြိုးစားနေကြောင်း ကိုနေမျိုးကပြောဆိုသည်။

“ သွားပြီးကူညီပေးမယ်ဆိုရင် အရေးပေါ်ကားတွေတော့ မပစ်ဘူးလို့ ထင်တာပဲခင်ဗျ ကားကြီးသမားတွေလည်း အရင်တစ်ခေါက်က အပစ်ခံရတော့ သူတို့လည်းမတက်ရဲဘူးခင်ဗျ။ အပေါ်ကိုမတက်ရဲတာ။ ချင်းရွှေဟော်နဲ့လောက်ကိုင်ဘက်ကို ”ဟု ၄င်းကပြောဆိုသည်။

မြန်မာ - တရုတ်နယ်စပ်အနီး လောက်ကိုင်မြို့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တပ်မတော်တို့ ၃ ရက်ကြာတိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ မတ် ၉ ရက် နေ့လယ် ၁နာရီ တွင် မဇ္စျိမမှ ဆက်သွယ်မေးမြန်းစဉ်အချိန်အထိ လောက်ကိုင်မြို့အတွင်းတွင် ပစ်ခတ်သံများ ကြားနေရသေးသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...