"စစ်ပွဲတွေ ဖြစ်နေရင် ရွေးကောက်ပွဲလည်း ကျင်းပလို့ မရဘူး။ ရွေးကောက်ပွဲရလဒ်တွေလည်း သမာသမတ် ကျမှ မဟုတ်ဘူး။ ပြည်သူလူထုလည်း ကောင်းကောင်းမွန်မွန်မနေနိုင်ဘူး။ အဲဒါဆိုရင် တစ်နိုင်ငံလုံးရဲ့ ဒီမိုကရေစီဖွံ့ဖြိုးမှု လည်း နှေးကွေးစေမယ်။ နောက်တစ်ခုက တခြား ဒေသတွေဖွံ့ဖြိုး သွားရင်တောင် အဲဒီဒေသတွေက မလုံခြံုတဲ့ မငြိမ်းချမ်းတဲ့ ဘဝတွေနဲ့ ကျန်ခဲ့လိမ့်မယ်။ အဲလိုမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် တစ်နိုင်ငံလုံး တစ်တွဲ တည်းပါသွားဖို့ တိုက်တွန်းတာ ဖြစ်တယ်"ဟု မဇ္စျိမသို့ ပြောသည်။
၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသအချို့၌ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့တို့အကြား တိုက်ပွဲများ ပြင်ထန်ခဲ့သည့်အတွက် မဲဆန္ဒနယ် (၇)ခုနှင့် မြို့နယ်ပေါင်း (၂၈) မြို့နယ် ရှိ ကျေးရွာအချို့ တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ယင်းဒေသများရှိ ပြည်သူများ အရေးကိစ္စများအား လွှတ် တော်တွင် ကိုယ်စားပြုပေးမည့် ကိုယ်စားလှယ်ရွေးခြယ်ခွင့် ဆုံးရှုံးခဲ့ရသည့်အတွက် တိုင်းပြည်၏ ဒီမိုကရေစီ အရည်အသွေးကို ထိခိုက် စေနိုင်သည့်အပြင် ဒေသဆိုင်ရာ ကိုယ်စားပြုမှုနှင့် အုပ်ချုပ်မှုကိုလည်း လစ်ဟင်းစေကြောင်း အမျိုးသားလူငယ်ကွန်ဂရက်၏ ရွေးကောက်ပွဲဆိုင်ရာအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
"ဒီမိုကရေစီစနစ်ဆိုတာ ကိုယ်စားပြုမှု လိုတာပေါ့ဗျာ။ အခုရွေးကောက်ပွဲမလုပ်နိုင်ရင် သူတို့ကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်မ ရှိဘူးပေါ့ဗျာ။ မရှိရင် အမြန်ဆုံးရွေးကောက်ပွဲကျင်းပနိုင်အောင် ကျိုးစားပေးရမှာက အစိုး ရနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်ပေါ့ ဗျာ။ တကယ်လို့ ဖြစ်နိုင်ရဲ့သားနဲ့ ဖြစ်အောင် မလုပ်ဘူးဆိုရင် တာဝန် မကျေဘူးပေါ့ဗျာ"ဟု ၂၀၁၅ ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာမှု များပြုလုပ်ခဲ့သည့် လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့အတွင်းရေးမှူး ဦးမင်းခင်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လုံခြံုရေး အခြေအနေအရ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော မဲဆန္ဒနယ်များတွင် လုံခြံုရေး အခြေအနေပြန် လည်ကောင်း မွန်လာသည်နှင့် တပြိုင်နက် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။







