"အခုနောက်ဆုံးပြိုကျတော့ အိမ် ၆ လုံးလောက်ပါသွားတယ်။ သူက နေ့တိုင်းလိုလို နည်းနည်း နည်းနည်း ပြိုနေတာ။ ကြာရင် မြို့ပါ ပါသွားနိုင်တယ်။ အဲဒါကြောင့် သက်ဆိုင်ရာဌာနတွေ၊ ပညာရှင်တွေ ဖြေရှင်းပေးစေချင်တယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းက ပြိုလာတာ ပေ ၃၀၀ ပါသွားပြီး။ ကြာရင် စိုးရိမ်ရပါတယ်"ဟု အိုးဖိုအနောက်ရပ်ကွက်၊ တွံတေးတူးမြောင်းအနီးတွင် နေထိုင်သူ ဦးခင်ဝင်းက ပြောသည်။
လွန်ခဲ့သည့် ၁၂ နှစ်ခန့်ကပင် တွံတေးမြို့၊ အိုးဖိုအနောက်၊ မြို့အဝင်မှစ၍ရေတိုက်စားကာ ပြိုကျခဲ့ပြီး လက်ရှိ အခြေအနေတွင် ကမ်းနံဘေး ပေ ၃၀၀ ခန့် ပြိုကျခဲ့ကြောင်း၊ ဥယျာဉ်ခြံမြေများ၊ လူနေ အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် တစ်ကြိမ်ပြိုကျပြီး နောက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှလာရောက်ကြည့်ရှုပြီး မြို့နယ်အဆင့်အနေဖြင့် စစ်ဆေးဆောင် ရွက် ပြီး ခရိုင်၊ တိုင်းအဆင့်များသို့ ဆက်လက်တင်ပြထားသည်ကိုသာ သိရကြောင်း ၎င်းက ရှင်းပြသည်။
ယခု ဒီဇင်ဘာ ၁ရက်နေ့က ပြိုကျမှုမှာ ပမာဏအများဆုံးဖြစ်သည့်အတွက် အနီးနားရှိနေအိမ်များမှာ စိုးရိမ်ဖွယ်ရရှိနေသည့်အတွက် သက်ဆိုင်ရာမှ အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်း တူးမြောင်းတလျောက်နေထိုင်သူများက ပြောသည်။
ဓာတ်ပုံ- ဖြိုးသီဟ







