“ကိုယ်အရွေးချယ်ခံဖို့အတွက် ကိုယ့်မြို့နယ်က အောင်နိုင်ရေးအဖွဲ့တွေ၊ စည်းအဖွဲ့တွေရှိတယ်။ ရပ်ကျေးအဖွဲ့တွေ ရှိတယ်။ အဲ့ဒီအဖွဲ့တွေနဲ့ အဆက်အစပ်ရှိကြပါ။ မကင်းကွာပါနဲ့။ ဒီလူတွေကြောင့် သာလျှင် သူတို့လုပ်အားစုပေါင်းလို့ ကျွန်တော်တို့ အရွေးခံရတယ်ဆိုတဲ့ စိတ်ထားပြီးတော့မှ အချိန်ခါခါ မှန်မှန်၊ ပုံမှန် ကိုယ့်မြို့နယ်တွေမှာ ရပ်ကျေးတွေမှာ ဆင်းပြီးတော့ သူတို့နဲ့ လုပ်ကြပါ”ဟု ဦးဝင်းထိန်က ပြောသည်။
ဒီဇင်ဘာ ၁၆ရက်နေ့က နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင်ပြုလုပ်သော ကချင်၊ ရှမ်း၊ မန္တလေးနှင့် နေပြည်တော်ရှိ အနိုင်ရပါတီဝင်အမတ်များ၏ စွမ်းရည်မြှင့်သင်တန်းမစခင် ပြောကြားသည့် အဖွင့်အမှာ စကားတွင် ဦးဝင်းထိန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အစိုးရဖွဲ့ပြီးရင် ပါတီပြန်လည်တည်ဆောက်ရေးပြန်လုပ်ရမယ်။ အဲ့လိုလုပ်နိုင်ဖို့အတွက် ဒီက အရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်တွေကလည်း ကိုယ့်ဒေသမှာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ်မပြတ်ဖို့၊ အခင်အမင် မပျက်ဖို့ ဆက်ပြီးတော့ ထိန်းသိမ်းကြပါလို့ ပြောချင်ပါ တယ်”ဟု ဦးဝင်းထိန်က ဆက်လက် ပြောဆိုသည်။
ကချင်၊ ရှမ်း၊ မန္တလေးနှင့် နေပြည်တော်ရှိ အနိုင်ရပါတီဝင်အမတ်ဦးရေ ၁၇၄ ဦး တက်ရောက်သော အဆိုပါ စွမ်းရည်မြှင့်သင်တန်း မစတင်မီ ဦးဝင်းထိန်အပါအဝင် ပါတီနာယကဖြစ်သူ ဦးတင်ဦးကလည်း အဖွင့်အမှာစကား ပြောဆိုခဲ့သေးသည်။
“ခဏတစ်ဖြုတ်လာပြီးတော့ ကွန်းခိုတဲ့၊ ဒီ့ပြင်ဟာလေးတွေ ငါတို့လုပ်ကြဖို့ ဒီနေရာလေးမှာ ငါတို့ ရသလောက်လေး အနားယူဖို့ လာတာမျိုးမဟုတ်ဘဲ တစ်ကယ့်ကို ကနေ့တိုင်းပြည်ကို ထူထောင်ဖို့ ကိစ္စနဲ့ ပတ်သက်လို့ အင်မတန်ဆုတ်ယုတ်ကျဆင်းနေတဲ့ အာရုံကို ပြန်လည်ထူထောင်ပေးနိုင်တဲ့ ပြည်သူလူထု၊ တိုင်းရင်းသားအားလုံးမျှော်မှန်းတဲ့အတိုင်း အောင်မြင်စွာ တက်တက်ကြွကြွ ဆောင်ရွက်နိုင်ကြပါစေ”ဟု အနိုင်ရအမတ်များကို ဦးတင်ဦးက ပြောသည်။
အနိုင်ရအမတ်များအား အဆိုပါသင်တန်းတွင် အခြေခံဥပဒေ၊ ဘတ်ဂျက်စသည့် ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ ပို့ချသွားမည်ဖြစ်ပြီး ယင်းနောက် အမတ်များအနေဖြင့် စာမေးပွဲဖြေကြရမည်ဖြစ်သည်။







