ကာရာအိုကေဆိုင်တွင် ရဲအုပ်သုံးဦး ဓားဖြင့် တိုက်ခိုက်ခံရ

ကာရာအိုကေဆိုင်တွင် ရဲအုပ်သုံးဦး ဓားဖြင့် တိုက်ခိုက်ခံရ
by -
မဇ္ဈိမ
နေပြည်တော်ရှိ တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ရဲအုပ်အဆင့်ရှိသူ သုံးဦးမှာ ပျဉ်းမနားမြို့ရှိ ကာရာအိုကေဆိုင် တစ်ခုအတွင်း ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁၅၊ နံနက် ၁နာရီအချိန်တွင် လူရှစ်ဦးမှ တုတ်၊ ဓားများဖြင့် တိုက်ခိုက်မှုကြောင့် ဆေးကုသမှုခံယူနေရသည်ဟု ပျဉ်းမနားမြို့မ ရဲစခန်းမှ ဒုရဲမှူး တင်ဌေးက အတည်ပြုပြောဆိုသည်။

ဓားဖြင့် တိုက်ခိုက်ခံရသူ(၃)ဦးမှာ နေပြည်တော်ရှိ ကုတင်(၁ဝဝဝ)ဆံ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ရဲအုပ်တစ်ဦးမှာ တိုက်ခိုက်ခံရမှုကြောင့် လက်ကျိုးသွားသလို အခြားရဲအုပ်နှစ်ဦးမှာလည်း ညာလက်မောင်း ထိုးသွင်းဒဏ်ရာနှင့် ပြတ်ရှဒဏ်ရာ ရရှိခဲ့သည်ဟု စခန်းမှူးက ပြောသည်။

“အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူး။ ဒါပေမယ့် ဒဏ်ရာကတော့ စိုးရိမ်ရတယ်။ ဒဏ်ရာက ပြင်းထန်တဲ့ သဘောပေါ့” ဟု ဒီဇင်ဘာ ၁၅ရက်၊ မွန်းလွဲ ၁နာရီအကျော်တွင် စခန်းမှူးက သတင်းထောက်များကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ကျူးလွန်သူ(၈)ဦးပါဝင်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားပြီး သတင်းထောက်များကို အင်တာဗျူးဖြေကြားချိန်အထိ ဖမ်းမိခြင်း မရှိသေးဟု စခန်းမှူးက ဆိုသည်။ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တစ်ခုရှိ ခဲ့သော်လည်း ယခုကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်ခဲ့ဖူးပေ။

“အမှုအသေးစိတ်ကို စစ်နေပြီ။ ပဏာမရထားတဲ့ သတင်းအရကတော့ ရန်နောင်စိုး(ရဲတပ်ဖွဲ့က တရားခံဟု ယူဆထားသူ)က အရင်လာတယ်။ လာတော့ စကားများတယ်၊ စကားများပြီး ပြန်သွား တယ်။ ပြီးမှ သူ့အဖွဲ့ကို ခေါ်လာတယ်။ တုတ်တွေ၊ ဓားတွေ ယူလာကြတယ်။ ပြီးတော့မှ ဝင်ခုတ် တယ်။ ဝင်ရိုက်ကြတာတွေ လုပ်ခဲ့တယ်။ တရားခံတွေက အခင်းဖြစ်ပြီးပြီးချင်း ထွက်ပြေးသွားကြ တယ်”ဟု စခန်းမှူး တင်ဌေးက ပြောသည်။

အဆိုပါဖြစ်စဉ်အပေါ် ပျဉ်းမနားရဲစခန်းက ပ) ၅၉၆/၂၀၁၅၊ ပုဒ်မ ၃၂၆၊ ၃၂၅တို့ဖြင့် အမှုဖွင့်ထားသည်။ ရဲအုပ်သုံးဦး တုတ်၊ ဓားများဖြင့် တိုက်ခိုက်ခံရသော ချယ်ရီမေအမည်ရှိ ကာရာအိုကေဆိုင်သည် လိုင်စင်ဖြင့် တရားဝင်ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယခုဖြစ်စဉ်အပေါ် စခန်းမှူး တင်ဌေးက “လူငယ်တွေမှာ အုပ်စုဖွဲ့ပြီး အကြမ်းဖက်ချင်တဲ့စိတ်တွေ ရှိနေကြတယ်”ဟု မှတ်ချက်ပြုသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...