ပွဲစားများနှင့် ဌာနဆိုင်ရာတို့ပေါင်းပြီး အမြတ်ထုတ်နေဟု သူရဦးအောင်ကို ပြော

ပွဲစားများနှင့် ဌာနဆိုင်ရာတို့ပေါင်းပြီး အမြတ်ထုတ်နေဟု သူရဦးအောင်ကို ပြော
by -
မဇ္ဈိမ
ရန်ကုန်၊ မန္တလေးကဲ့သို့သော စီးပွားရေးမြို့တော်များတွင် မြေယာနှင့်ပတ်သက်သော အမှုများစွာ ဖြစ်ပွားနေပြီး ယင်းအမှုများတွင် ဌာနဆိုင်ရာများနှင့် ပွဲစားများပူးပေါင်းကာ အမြတ်ထုတ်နေကြသည်ဟု ပြည်သူ့လွှတ်တော်၏ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌဖြစ်သူ သူရဦးအောင်ကိုက ပြောကြားလိုက်သည်။

“ရန်ကုန်၊ မန္တလေးကဲ့သို့သော စီးပွားရေးမြို့တော်များတွင် မြေယာနှင့်ပတ်သက်သော အမှုများစွာ ဖြစ်ပွားနေတယ်။ မြေပွဲစား၊ အမှုပွဲစားများက အုပ်စုဖွဲ့ပြီး ဌာနဆိုင်ရာများနှင့် ပူးပေါင်းကြံစည်ကာ အမှုအနိုင်ယူ အကျိုးအမြတ် ခွဲဝေယူနေကြတယ်” ဟု ဒီဇင်ဘာ ၁၄ရက်၊ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်းတို့ကော်မတီ၏ အစီရင်ခံစာအပေါ် ဖြည့်စွက်ဆွေးနွေးစဉ် သူရဦးအောင်ကိုက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုသို့သော အမှုများတွင် ဌာနဆိုင်ရာများဖြစ်သည့် တရားရုံးနှင့် ဥပဒေရုံး တာဝန်ရှိသူအချို့၊ အထွေထွေအုပ်ချုပ်ရေး၊ စည်ပင်၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတို့မှ တာဝန်ရှိသူများ ပါဝင် ပတ်သက်နေသည်ဟုလည်း သူရဦးအောင်ကိုက ပြောသည်။

အဆိုပါ တရားမမှုများကို (၁၅)နှစ်ခန့် ကြာသည်အထိ အချိန်ဆွဲ စစ်ဆေးကြသလို “ကြေးစား လူမိုက်တွေ ငှားရမ်းပြီး အင်အားဖြင့် မြေ၊ အဆောက်အဦတို့ကို ကျူးကျော် ဝင်ရောက်သိမ်းပိုက်မှုတွေ အထိ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ကြတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၅ရက်တွင် စတင်ဖွဲ့စည်းကာ သူရဦးအောင်ကို ဥက္ကဌအဖြစ် တာဝန်ယူ ထားသည့် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီသည် ၎င်းတို့၏ ကွင်းဆင်းလေ့လာမှုများကို ၂၀၁၅၊ ဒီဇင်ဘာ ၈ရက်နေ့တွင် လွှတ်တော်သို့ အစီရင်ခံစာတစ်စောင် တင်ပြခဲ့သည်။

ယင်းအစီရင်ခံစာတွင် လက်ရှိ အစိုးရသက်တမ်းအတွင်း တရားစီရင်ရေးစနစ်သည် လွတ်လပ်မှု၊ ဖြောင့်မတ်မှု၊ တရားမျှတမှုတို့ရှိရန် များစွာလိုအပ်နေပြီး တရားသူကြီးများကိုယ်တိုင်က တရားရုံး အတွင်းတွင်ပင် လာဘ်စားမှုများ ရှိနေသည်ဟု ရေးသားထားသည်။

ကော်မတီ၏ အစီရင်ခံစာအရ လာဘ်စားမှုများတွင် တရားသူကြီးများသာမက တရားရေးဝန်ထမ်းများ၊ ရှေ့နေရှေ့ရပ်များ၊ ဥပဒေဝန်ထမ်းများ၊ တရားစွဲအဖွဲ့အစည်းများ၊ ၀န်ထမ်းအကြီးအမှူးဖြစ်သော ညွှန်ကြားရေးမှူးချုပ်အဆင့်မှအစ ဆင့်စာလုလင်အထိ ပါ၀င်ဆက်စပ်နေသည်ဟုလည်း ဆိုသည်။

အဆိုပါ အစီရင်ခံစာကိုပင် ကော်မတီဝင်များ၏ ဆန္ဒနှင့်အညီ “ပျော့ပြောင်းစွာ ရေးသားတင်ပြခဲ့တာပါ” ဟု သူရဦးအောင်ကိုက လွှတ်တော်အစည်းအဝေးတွင် ပြောသည်။ တရားရေးမဏ္ဍိုင်ဖြောင့်မတ်ရေး သည် တရားဥပဒေစိုးမိုးရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး မြန်မာပြည်သူတို့အတွက် တရား ဥပဒေစိုးမိုးသော၊ လုံခြံုသော လူမှုပတ်ဝန်းကျင်သစ် ဖန်တီးပေးရန် လိုအပ်နေပြီဟုလည်း တပ်မတော် တွင် ဗိုလ်မှူးချုပ်ဟောင်းအဆင့်အထိ တာဝန်ယူခဲ့သူ သူရဦးအောင်ကိုက ထောက်ပြပြောဆိုခဲ့သည်။

လာမည့် အစိုးရသက်တမ်းငါးနှစ်သက်တမ်းတွင်မူ လက်ရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီဥက္ကဌဖြစ် သူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရဖွဲ့စည်းခွင့် ရရှိထားသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...