ယင်းရွှေ့ပြောင်းခံရသူများကို ရှားပြေးကျေးရွာ ငုံးမွေးမြူရေးဇုန် အနီးတွင် မြေ(၂)ဧက တစ်အိမ်လျှင် ပေ(၄၀x၃၀) မြေကွက် တစ်ကွက်စီ နေရာပြန်လည်ပေးခဲ့သော်လည်း နေအိမ်များ ပြန်လည် ဆောက်လုပ်ရန်အတွက် ငွေကြေးအခက် အခဲဖြစ်နေကြောင်း လမ်းဖောက်လုပ်မည်နေရာတွင် အနှစ် ၄၀ ခန့်နေထိုင်လာသူ ဒေါ်မိုးက ဆိုသည်။
"လမ်းဖောက်ဖို့အတွက်ဆိုပြီးပြောင်းရွေ့ခိုင်းလို့ပြောင်းရွေ့ခဲ့ရတာပါ၊အိမ်ဆောက်ဖို့အတွက်ကတော့ စရိတ်လည်းမရှိဘူး၊ မိုးကာလေးတွေပဲ မိုးထားရတယ်၊အလုပ်ကလည်းမလုပ်ရဘူး။ အိမ်မဆောက်ရ သေးဘဲနဲ့ အလုပ်ထွက်လုပ်လို့က လည်းအဆင်မပြေဘူး၊ ဒါ့ကြောင့်မို့ အိမ်ဆောက်ဖို့အတွက် အစိုးရက အကူညီပေးဖို့တောင့်တမိတာတော့အမှန်ပါပဲ။" ဟု ဒေါ်မိုးက ပြောသည်။
အဆိုပါအိုးဘိုတောင်ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီးဖောက်လုပ်ရန် သတ်မှတ်ထားသော နေရာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က နေထိုင်ခဲ့ကြသောလည်း ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတရာမရှိဘဲ နားလည်မှုဖြင့် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောင်းရွေ့ ခံရသူများက ပြောသည်။
"ရွေ့ရမယ်ဆိုတော့လည်း ရွေ့ခဲ့ရတာပေါ့။ အခက်ခဲကတော့ပေါင်းစုံဖြစ်နေတာပဲ။ ထမင်းတောင် တစ်နပ်ပဲ စားနေရတယ်။ အခုချိန်တစ်အိမ်လုံးပေါင်းလို့ပိုက်ဆံ ၁၅၀ တောင် မရှိဘူး။"ဟု အသက်(၄၅) နှစ်အရွယ် ဒေါ်တာက ပြောသည်။
ပြည်ထောင်စုလမ်းမကြီး အသစ်ထပ်မံဖောက်လုပ်ရန် လျာထားသည့်အတွက် မြို့နယ်စည်ပင်မှ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၁၆ရက်နေ့က တည်းက ပြောင်းရွှေ့ရန်နှင့် မပြောင်းရွေ့ပါက စည်ပင်သာယာရေး ဥပဒေပုဒ်မ (၇၁)၊(၇၅)အရအရေးယူခြင်းခံ ရမည်ဟု စာပို့ထားပြီး မြေနေရာကိုလည်း သတ်မှတ်ထားပေးပြီးဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။







