ဖားကန့် မြေပြိုမှု သေဆုံးသူ ၁၂၃ ဦး အထိရှိလာ

ဖားကန့် မြေပြိုမှု သေဆုံးသူ ၁၂၃ ဦး အထိရှိလာ
by -
မဇ္ဈိမ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကန်ခါဒေသရှိ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းမှ စွန့်ပစ် မြေစာပုံ ပြိုကျမှုတွင်  နိုဝင်ဘာ ၂၃ ရက်နေ့၊ နံနက် ၁၁ နာရီကျော် အချိန်အထိ သေဆုံးသူ ၁၂၃ ဦး ရှိသွားပြီဟု လုံးခင်းနယ်မြေ စခန်းမှူး ရဲအုပ်ထင်ကျော်က ပြောသည်။

ယင်းမြေစာပုံမှာ နိုဝင်ဘာ ၂၁ ရက်နေ့၊ နံနက် (၃)နာရီ အချိန်ဝန်းကျင်တွင် ပြိုကျခဲ့ခြင်း ဖြစ်ပြီး အနီးရှိ ယာယီလူနေတဲများကို ဖုံးလွှမ်းသွားခြင်းကြောင့် ရေမဆေးကျောက် ရှာဖွေရန် လာရောက် နေထိုင်ကြသူများအား ပိမိ သေဆုံးခဲ့ခြင်းဖြစ်သည်။

"ဒီမနက်ပိုင်း (၁၁)နာရီလောက်အထိ ယောက်ျားလေး အလောင်း(၈)လောင်း ထပ်တွေ့ထား ပါတယ်။ မနက် (၇)နာရီခွဲလောက်က ရှာဖွေရေး လုပ်ငန်းတွေ စလုပ် ပါတယ်။ အကုန်လုံး ပြီးစီး သွားရင်တော့ သေမှုသေခင်း ဖွင့်သွားမှာပါ"ဟု ရဲအုပ်ထင်ကျော်က ပြောသည်။

အဆိုပါ မြေစာပုံပြိုကျမှုကြောင့် သေဆုံသွားသူများ၏ အလောင်းများ ရှာဖွေရာတွင် နိုဝင်ဘာ ၂၂ ရက်နေ့၊ ညပိုင်းအချိန်ထိ အမျိုးသားအလောင်း (၁၀၃)လောင်း၊ အမျိုးသမီး အလောင်း (၂)လောင်း တွေ့ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် အမျိုးသားအလောင်း(၈)လောင်း ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့လည်း အခုသွားနေတယ်။ ကြားသလောက်တော့ ဒီမနက် ဆက်ရှာနေတယ်လို့ သိရပါတယ်။ ဘယ်လောက် ရှာတွေ့သလဲတော့ အတိအကျ မသိသေးဘူးပေါ့နော်။ ထပ်ပြီးတော့ ထွက်လာနိုင်ပါသေးတယ်။ မနေ့ကတော့ (၂၁)လောင်းလောက် တွေ့တယ်လို့ သိရတယ်လေ"ဟု ဖားကန့်မြို့နယ် ဆိပ်မူရွာမှ ဒေသခံ ဦးရွှေသိန်းက ပြောသည်။

သေဆုံးသူ အလောင်းရှာဖွေရေးကို ဒေသခံအာဏာပိုင်များနှင့်  အဆိုပါ နယ်မြေရှိ စကခ(၇) လက်အောက်ခံ တပ်သားများ၊ ကျောက်စိမ်းတူး ဖေါ်ရေးလုပ်ငန်းရှင်များနှင့် ဒေသခံများက ဆောင်ရွက်နေခြင်း ဖြစ်သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...