ငြိမ်းချမ်းရေးဆွေးနွေးရန် နိုင်ငံရေးမူဘောင်ရေးဆွဲရေး စတင်ပြင်ဆင်

ငြိမ်းချမ်းရေးဆွေးနွေးရန် နိုင်ငံရေးမူဘောင်ရေးဆွဲရေး စတင်ပြင်ဆင်
by -
မဇ္ဈိမ
ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရေးအတွက် နိုင်ငံရေးမူဘောင်မူကြမ်း ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းကာ မူဘောင်ရေးစွဲရေးကို ပြင်ဆင်နေပြီဟု ကရင်အမျိုးအစည်းအရုံး၊ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက နိုဝင်ဘာ ၂၂ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

"၂၄ရက်နေ့၊ UPDJC မှာပါတဲ့သူတွေအားလုံးက မူဘောင်အကြမ်းရေးဆွဲရေးကော်မတီဖွဲ့ပြီး မူဘောင်စွဲတာ စမယ်။ အဲဒီကော်မတီကို UPDJC မှာပါတဲ့သူတွေထဲက ၈ဦးကိုပြန်ဖွဲ့ပြီးလုပ်မှာ၊ မူကြမ်းတွေကတော့ အပစ် မရပ်ခင်ကတည်းက အင်အားစုအားလုံးမှာရှိနေတယ်။ အဲဒီထဲက ဘုံသဘောထားတွေရှိတဲ့ဟာတွေရေးမှာ"ဟု ၎င်းက ဆိုသည်။

UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီတွင် အစိုးရ၊ အပစ်ရပ် လက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေးပါတီတို့မှ ၁၆ဦးစီ ပါဝင်သည့် အစုအဖွဲ့နှင့် ၈ဦးစီပါဝင်သည့် အကြံပေးအဖွဲ့ဝင်များ ပါ၀င်သည်။

မူဘောင်ရေးစွဲနိုင်ရေးအတွက် မူဘောင်မူကြမ်းရေးဆွဲရေးကော်မတီကို နိုဝင်ဘာ ၂၄ရက်၊ နံနက် ၉ နာရီတွင်၊ မြန်မာငြိမ်းချမ်းရေးပြန် လည်ထူထောင်ရေးဗဟိုဌာန MPC ၌ UPDJC အတွင်း ပါဝင်သည့် ကော်မတီဝင်များမှပင် ၈ ဦးကို ရွေးချယ်မည်ဖြစ်သည်။

နိုင်ငံရေးပါတီများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ လက်နက်ကိုင်တိုင်းရင်းအဖွဲ့အစည်းများအားလုံးတွင် ၎င်းတို့ ကိုယ်တိုင်ရေးစွဲထားသည့် မူဘောင်များရှိနေပြီး ၎င်းတို့မှ အများစုသဘောတူသည့် အချက်အလက်များကို မူကြမ်းရေးစွဲရေးကော်မတီက ရေးစွဲဟုလည်း ပဒိုကွယ်ထူးဝင်းက ဆိုသည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးပြီးသည်နှင့် ရက်ပေါင်း ၆၀အတွင်း နိုင်ငံရေး မူဘောင်တစ်ခုကို ရေးစွဲပြီးစီးရန် လိုအပ်ပြီး ရက်ပေါင်း ၉၀အတွင်း နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရမည်ဟု အာမခံချက် အပစ်ရပ် စာချုပ်တွင်ထည့်သွင်းထားသည်။

MPC တွင် နိုဝင်ဘာ ၂၄ရက်၊ နံနက်ပိုင်း၌ မူဘောင်ရေးဆွဲပွဲ အလွတ်သဘော ဆွေးနွေးမှုကို ပြုလုပ်မည်ဖြစ်ပြီး UPDJC အဖွဲ့ဝင်များအပြင် နိုင်ငံရေးပါတီများမှ တစ်ပါတီလျှင် တစ်ဦးကျစီ လာရောက်တက်ရောက်နိုင်ကြောင်း MPC နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ ကရင်အမျိုးအသားအစည်းအရုံး(KNU) တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့က အောက်တိုဘာ ၁၅ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို နေပြည်တော်တွင် ရေးထိုးထားကြသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...