ငြိမ်းချမ်းရေးရှိုက်သံဖျော်ဖြေပွဲမှ ရရှိလာမည့် အလှူငွေများကို စစ်ဘေးရှောင်ပြည်သူများထံ လှူဒါန်းမည်

ငြိမ်းချမ်းရေးရှိုက်သံဖျော်ဖြေပွဲမှ ရရှိလာမည့် အလှူငွေများကို စစ်ဘေးရှောင်ပြည်သူများထံ လှူဒါန်းမည်
by -
မဇ္ဈိမ
"ငြိမ်းချမ်းရေးရှိုက်သံ" ဂစ်တာဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်းဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုဖျော်ဖြေပွဲမှ ရရှိလာမည့် အလှူငွေများအားလုံးကို စစ်ဘေးရှောင်ပြည်သူများ အတွက် ရှမ်းလူငယ်ရန်ကုန် အဖွဲ့အစည်းမှတဆင့် လှူဒါန်းသွားမည်ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကိုလင်းနီသွေး (မြန်မာပြည်တွင်းလူငယ်များ၏ ပညာရေးနှင့်လူမှုဘဝဆုံချက်-MYSELF)က နိုဝင်ဘာ ၁၉ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်-အင်းစိန်လမ်းမကြီး ပေါ်ရှိ MYSELF ရုံးခန်း၌ နိုဝင်ဘာ ၁၉ရက်နေ့၊ မွန်းလွဲတစ်နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်တို့တွင် လက်တလော ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်စေလိုသော ဆန္ဒဖြင့်ကျင်းပသည့် အဆိုပါဖျော်ဖြေပွဲတွင် ခန့်မှန်းခြေ ဂစ်တာ အလက်ပေါင်း ၁၀၀ ကျော်ဖြင့် သီဆိုဖျော်ဖြေသွားမည်ဖြစ်သည်။ သို့သော် ပြုလုပ်မည့် နေရာအတိအကျကိုမူ မဆုံးဖြတ်သေးဟု ဆိုသည်။

"ကျွန်တော်တို့တွေက ရန်ကုန်မှာ နေနေကြပေမယ့် ခုဖြစ်နေတာတွေက တိုင်းရင်းသားလူမျိုးတွေကြား ဖြစ်တဲ့အရေးမို့ ကျွန်တော်တို့ဘက်က ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေ နိုင်သလောက် ပါဝင်နေတယ် ဆိုတာ ပြည်သူတွေကို သိစေချင်လို့ လှုံ့ဆော်တဲ့အနေနဲ့ ဒီပွဲကိုကျင်းပခြင်းဖြစ်ပါတယ်။ အခု လောလောဆယ် ဂစ်တာနဲ့ ပါဝင်ဖို့ စာရင်းပေးထားတဲ့သူတွေကတော့ ခန့်မှန်းခြေ အယောက် ၆၀ ကျော် ရှိနေပါပြီ။ အမျိုးသမီးတွေလည်း ပါဝင်ဖို့ စာရင်းပေးထားပါတယ်"ဟု ကိုလင်းနီသွေးက ထပ်မံပြောကြားသည်။

ပါဝင်ရန် စာရင်းပေးသွင်းရာတွင် ပွဲကျင်းပမည့်နေ့၊ နံနက်အထိ စာရင်းပေးနိုင်ပြီး အဆိုပါဖျော်ဖြေပွဲကို မြန်မာပြည်တွင်းလူငယ်များ၏ ပညာရေးနှင့်လူမှုဘဝဆုံချက် (MYSELF)၊ ပန်းပျိုးလက်လူငယ်စင်တာ နှင့် Independent Youth for Change အဖွဲ့တို့မှ အလှူငွေများဖြင့်သာ ကျင်းပမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

နေရောင်အောက်က အသက်ရှူသံများ၊ အပြာရောင်တေးသံ၊ သဘာဝရဲ့ရင်သွေးငယ်တွေ အစရှိသည့် နာမည်ကြီးသီချင်းများကို အသားပေးတီးခတ်ပြီး ပါဝင်တီးခတ်မည့်သူများမှ ရေးစပ်ထားသော သီချင်း နှစ်ပုဒ်ခန့် ပါဝင်မည်ဖြစ်ကာ အဆိုတော် စောဖိုးခွား၏ သီချင်းအချို့ကိုပါ ဖျော်ဖြေသီဆိုသွားမည် ဖြစ်သည်။

ဖျော်ဖြေပွဲတွင် အလှူငွေများလည်း ထည့်ဝင်လှူဒါန်းနိုင်ပြီး ငြိမ်းချမ်းရေးရှိုက်သံ Logo ဖြင့် တီရှပ်များကိုလည်း အဆိုပါနေ့တွင် ရောင်းချသွားမည်ဖြစ်သည်။

အစီအစဉ်သုံးရပ်ဖြင့်ကျင်းပမည့် ၎င်းဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၄နာရီမှ ရနာရီခွဲ ထိကျင်းပသွားမည်ဖြစ်ပြီး ပွဲနေရာသည် လူစည်ကားရာ နေရာတစ်ခုတွင် ကျင်းပမည်ဖြစ်သော်လည်း နေရာကို မဆုံးဖြတ်ရသေးပေ။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...