စစ်ဘေးကြောင့် ရွှေ့ပြောင်းဒုက္ခသည်များ နေရပ်ပြန်ပို့ရေး၊ မပို့ရေး ဆွေးနွေး

စစ်ဘေးကြောင့် ရွှေ့ပြောင်းဒုက္ခသည်များ နေရပ်ပြန်ပို့ရေး၊ မပို့ရေး ဆွေးနွေး
by -
မဇ္ဈိမ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ စုပေါင်း၍ မြန်မာနိုင်ငံရှိ ဒုက္ခသည်များနှင့် ရွှေ့ပြောင်း ဒုက္ခသည် (IDP) အား နေရပ်ပြန်ပို့ရေး၊ မပို့ရေးနှင့်ပတ်သက်သည့် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၇ နှင့် ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ရက်ကြာ ဆွေးနွေးကျင်းပခဲ့သည်။

နိုင်ငံရေးမူဘောင်ရေးဆွဲရာတွင် ဒုက္ခသည်များဆိုင်ရာမူဝါဒများ ချမှတ်နိုင်ရန်အတွက် စစ်ပွဲကြောင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရသော ဒုက္ခသည်များနှင့် ပြည်တွင်းမှ အိုးအိမ်စွန့်ခွာ  ထွက်ပြေးနေရသည့် ဒုက္ခသည်များဆိုင်ရာ မူဝါဒ ချမှတ်နိုင်ရန် ကြိုတင်ပြင်ဆင်သော အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

လာမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံ တည်ဆောက်ရာတွင် စစ်ပြေး ဒုက္ခသည်များအရေး အသုံးချနိုင်ရန် အထောက်အကူ ဖြစ်စေရန်အတွက် နည်းလမ်းရှာဖွေခြင်း ဖြစ်သည်ဟု ထိုအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

“ကျနော်တို့ ENAC (တိုင်းရင်းသား လူမျိုးများရေးရာစင်တာ(ပြည်ထောင်စု မြန်မာနိုင်ငံ) Ethnic Nationalities Affairs Center (Union of Burma- ENAC) အနေနဲ့ အခြေခံ မူဝါဒပိုင်းဆိုင်ရာ မှာပေ့ါလေ။ အထောက်အကူပြုဖို့ အကြောင်းအရာပေါင်းစုံကို ဆွေးနွေးနေတာပါ။ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လူမှုကယ်ဆယ်ရေးအားလုံးကို လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီးတော့ သူတို့ဆီက အမြင်သဘောထား အကြံဉာဏ်တွေ ဆွေးနွေးတာပါ။ ဒါက ဟိုနိုင်ငံရေး ဆွေးနွေးတဲ့ အခါကြရင် အထောက်အကူဖြစ်ဖို့ပါ”ဟု နိုင်ဟံသာက မဇ္ဈိမသို့ ပြောသည်။

“ဒုက္ခသည်တွေကို နေရပ်ပြန်လည် ပို့ဆောင်ရေးကိစ္စအတွက် အခြေခံလိုအပ်ချက်တွေ ညှိနှိုင်းတိုင်ပင် ကြတာပါ။ ပြည်တွင်းမှာရှိတဲ့အိုင်ဒီပီတွေ၊ နောက်တချို့ migrant worker အနေနဲ့ နေနေတဲ့ သူများနိုင်ငံမှာ လျိုလျိုဝှက်ဝှက် နေနေရတဲ့ လူတွေအတွက် အထောက်အကူပြုနိုင်ဖို့”ဟု သူက ပြောသည်။

စစ်ကြောင့် နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသော ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်နေရသော ဒုက္ခသည်များ၏ လက်ရှိ အခြေအနေ၊ အခက်အခဲများကို သုံးသပ်ခြင်း၊ အဆိုပါ ဒုက္ခသည်များ နေရပ်သို့ လုံခြံုစိတ်ချစွာ ပြန်နိုင်ရေး၊ စားဝတ်နေရေးဖူလုံရေး စသည့် အခြေအနေများ ကို ဆွေးနွေးသုံးသပ်ခဲ့သည်ဟု သူက ပြောသည်။

“သူတို့ကို ပြန်ပို့တဲ့အခါကြရင် ဘယ်လို အခြေခံအချက်အလက်တွေနဲ့ပြည့်စုံဖို့လိုတယ်။ သူတို့အတွက် လုံခြံုရေးတွေ၊ သူတို့အတွက် ဖူလုံရေးပေါ့နော်။ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးကို ဘယ်လို စီစဉ်ပေးနိုင်မလဲ စသဖြင့် ဘယ်လို အခြေအနေမျိုးမှ ပြန်ဖို့မလဲ။ အခုအခြေအနေက မရေရာသေးတဲ့ အနေအထားမှာ အတင်းပြန်ပို့တာမျိုး မဖြစ်သင့်ဘူးစတင်ဖြင့်ပေါ့နော်”ဟု သူက ဆက်လက် ပြောဆိုသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ဒုက္ခသည်များ လုံခြံုစွာ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတကာ၏ အမြင်များ၊ သုံးသပ်ချက်များ၊ မွန်ဒုက္ခသည်စခန်းနှင့် ကရင်နီဒုက္ခသည်များ၏ အခြေအနေများ ဆွေးနွေးခဲ့သလို၊ ပြည်တွင်းရှိ ရှမ်းစစ်ပြေး ဒုက္ခသည်များနှင့် ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များ၊ အကူအညီများ လိုအပ်ချက်များ၊ အကူအညီများအား မည်သို့ ရရှိစေရန် ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

တိုင်းရင်းသား လူမျိုးများရေးရာစင်တာ(ပြည်ထောင်စု မြန်မာနိုင်ငံ) Ethnic Nationalities Affairs Center (Union of Burma- ENAC) အဖွဲ့ ဦးဆောင်၍ ယင်းအလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ကျင်းပခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...