ဟားခါးမြေပြိုသူများအတွက် အိမ် ၁၀လုံးသာ အစားထိုးဆောက်လုပ်ပေးနိုင်သေး

ဟားခါးမြေပြိုသူများအတွက် အိမ် ၁၀လုံးသာ အစားထိုးဆောက်လုပ်ပေးနိုင်သေး
by -
မဇ္ဈိမ
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် သြဂုတ်လအတွင်းက မြေပြိုပျက်စီးခဲ့သည့် လူနေအိမ်များ အစားထိုး ဆောက်လုပ်ပေးရာတွင် အိမ် ၁၀လုံးသာ အစားထိုးဆောက်လုပ်ပေးနိုင်သေးသည်ဟု ချင်းပြည်နယ်၊ စီးပွား/စီမံဝန်ကြီး ဦးရန်မန်းက နိုဝင်ဘာ ၁၆ရက်နေ့တွင် မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

"မြေနေရာတွေက မြေညှိရတယ်၊ လမ်းဖောက်ရတယ်၊ ဆောက်မယ့်ပစ္စည်းတွေသယ်တာ လမ်းဆိုးလို့ အချိန် ကြာတာရှိတယ်။ ဂန့်ဂေါကနေ ဟားခါးကိုပစ္စည်းသယ်မရလို့ ဂန်ဂေါက ကလေး၊ အဲဒီကလေး ကနေမှ ဟားခါးကို ပြန်သယ်ရတယ်။ အဲဒီမှာလည်း မိုင် ၁၂၀ကျော်လောက်ပိုပြီး သယ်ရတာတွေ ရှိတယ်။"ဟု ၎င်းက ဆိုသည်။

ရေကြီး၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့သည့် ချင်းပြည်နယ် ဟားခါးသို့ စက်တင်ဘာလအတွင်း သမ္မတ ဦးသိန်းစိန် ရောက်ရှိခဲ့စဉ် က နေအိမ်များပြန်လည်အစားထိုးပေး ဆောက်လုပ်ပေးခြင်းကို ဆောင်းအဝင်အမှီ  ဆောက်လုပ်ပေးနိုင်ရန်သက်ဆိုင်ရန် ပြည်နယ်အစိုးရသို့ ညွှန်ကြားခဲ့သေးသည်။

မြေပြိုမှုကြောင့် လုံးဝပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေများအတွက် အိမ်အလုံးရေ ၄၁၇လုံးကို အစိုးရက တာဝန်ယူ ဆောက်လုပ်ပေးပြီး၊ ရ၃၂လုံးကိုမူ ဒေသခံအိမ်ထောင်စုများက ကိုယ်တိုင်ဆောက်လုပ်ပြီး ကုန်ကျသည့် ဆောက်လုပ်စားရိတ်ကိုမူ ပြည်ထောင်စုအစိုးရက ထုတ်ပေးခြင်းလည်း ရှိသည်။

မိသားစု ၄ဦးမှ ၅ဦးအထက်ရှိသည့်အိမ်တစ်အိမ်အတွက် ၄၄သိန်း ၅သောင်းနှင့် ယင်းနှင့် အောက်မိသားစုဝင် ရှိသူများကို ၃၅သိန်း အကုန်ကျခံဆောက်လုပ်ပေးခြင်း၊  ဆောက်လုပ်စားရိတ် ထုတ်ပေးခြင်းများရှိသည်ဟုလည်း ဦးရန်မန်းက ပြောသည်။

ဟားခါးကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးချန်စန်းကလည်း "သမ္မတဦးသိန်းစိန်က ဆောင်း အဝင်လို့ ပြောပေမယ့် တစ်ကယ်တန်းအခက်အခဲတွေရှိတယ်။ အခုတောင်တင်ဒါပေးတဲ့ ကုမ္ပဏီက ဆောက်နေပေမယ့် ပြီးမယ့်အချိန်ကို အတိအကျမပြောနိုင်သေးဘူး။ ပြီးတဲ့နေရာတွေ မှာလည်း တက်နေလို့ မရသေးဘူး။ အားလုံး ပြီးမှပဲနေလို့ရမှာ"ဟု ဆိုသည်။

သမ္မတဦးသိန်းစိန်က ဆောင်းအဝင်အမှီ ဆောက်လုပ်ပေးရန် တိုက်တွန်းသော်လည်း လက်ရှိအချိန်ထိ အိမ်အလုံး ၁၀လုံးခန့်သာ ပြီးစီးသေးသဖြင့် မြေပြိုမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသူ အိမ်ထောင်စု ၁၀၀၀ကျော်ကို ဘုန်းကြီးကျောင်းများနှင့် တစ်ခြားနေရာတို့တွင် ၁၂ပေ၊ ၁၀ပေအကျယ်ရှိ ယာယီ စခန်းများ၌ထားရှိ ပေးထားသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှသိရသည်။

ဟားခါးမြို့ မြေပြိုမှုကြောင့် ပြောင်းရွှေ့နေရသူလည်းဖြစ်၊ ပြောင်းရွှေ့နေထိုင်ရသူများကို ကူညီရေး ကိစ္စများ ဆောင်ရွက်ပေးနေ သူလည်ဖြစ်သည့် ဦးအားလျှံကမူ "အခုဟားခါးမှာတော်တော်တော့ အေးနေပြီ၊ အိမ်တွေ ကလည်းမပြီးသေးဘူး။ အဲဒီမှာပဲ ရသလိုနေနေရတယ်။ သူတို့ အရင်ပြောင်းလာ တုန်းကပါလာတဲ့ စောင်တော့ ပါပါတယ်။ အအေးကတော့ မြှင့်နေပြီ"ဟု ဆိုသည်။

ဟားခါးမြို့၏ ညအပူချိန်သည် ၆ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေပြီဖြစ်သည်ဟုလည်း ချင်းအစိုးရ အဖွဲ့ စီးပွား/ စီမံဝန်ကြီး ဦးရန်မန်းက အတည်ပြုသည်။

ဟားခါးမြို့မြေပြိုမှုကြောင့် မြို့တစ်ခုလုံးမှ အိမ်ထောင်စု ၁၉၀၀ ကျော်တို့က အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရခြင်းဖြစ်သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...