ဖမ်းဆီးခံကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရန် နိုင်ငံရေး ပါတီများ သမ္မတထံတောင်းဆို

ဖမ်းဆီးခံကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရန် နိုင်ငံရေး ပါတီများ သမ္မတထံတောင်းဆို
by -
မဇ္ဈိမ
ဖမ်းဆီးထားသော ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများကို လက်ရှိအစိုးရသက်တမ်းအတွင်း အမြန်ဆုံးလွတ်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နိုင်ငံရေးပါတီများက နိုဝင်ဘာ ၁၅ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၌ သမ္မတနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် တောင်းဆိုခဲ့ကြသည်။

သမ္မတနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီ ၉၂ ပါတီ ရှိသည့်အနက် ၈၄ ပါတီ တက်ရောက်ခဲ့ပြီး ၂၉ ပါတီက ဆွေးနွေးပြောဆိုခွင့်ရရှိခဲ့ရာ ပါတီအများစုက ဖမ်းဆီးထားသော ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

''ပညာရေးဥပဒေပြင်ဆင်ရန် ဆန္ဒပြခဲ့သည့်ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများကို သမ္မတကြီးရဲ့သက်တမ်း အတွင်းလွတ်ငြိမ်းချမ်းသာခွင့်ပေးပါရန် တောင်းဆိုပါတယ်''ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) မှ ဗဟိုကော်မတီဝင် နော်နူဒီးက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က အမျိုးသားပညာရေးဥပဒေအား ပြုပြင်ပြောင်းလဲရန်လှုပ်ရှားမှုမှာ ဖမ်းဆီးထိန်းသိမ်းခံရသည့် ကျောင်းသားများကို သမ္မတကြီးက မေတ္တာရှေ့ထားပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်၊ ရက်ပိုင်းအတွင်း အစာငတ်ခံဆန္ဒပြပြီး ရန်ကုန် ဆေးရုံကြီးတွင် ရောက်နေခြင်းများကို သမ္မတကြီး၏ လုပ်ပိုင်ခွင့်နှင့် သက်တမ်းအတွင်း ဖြေရှင်းပေး စေလိုသည်ဟု ပြောကြားသည်။

စေ့စပ်ညှိနှိုင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးပါတီ ဗဟိုအမှုဆောင်တစ်ဦးက ဖမ်းဆီးခံကျောင်းသား များနှင့် နိုင်ငံရေးအကျဉ်းများကို အမြန်ဆုံးလွတ်ပေးပါဟု တောင်းဆိုခဲ့သည်။

မွန်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးမင်းဇေယျာဦးက ''ပညာရေးဥပဒေပြုပြင်ရန်ကြိုးစားသည့် ဖမ်းဆီးခံ ကျောင်းသားများ အစာငတ်ခံဆန္ဒပြသူတွေကို အထူးဂရုပြုကြည့်ရှုဆောင်ရွက်ပေးပါ''ဟု ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများ၏ ဆွေးနွေးတင်ပြချက်များ အပြီးတွင် သမ္မတဦးသိန်းစိန်က နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များ၊ အရေးယူဆောင်ရွက်ရမည့်ကိစ္စများမှ တချို့အချက်များမှာ လက်ရှိအစိုးရ လက်ထက်တွင် ဆောင်ရွက် ပေးနိုင်သည့် ကိစ္စများကိုဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးရဲထွဋ်က ''ဒီကိစ္စက တရားရုံးမှာအမှုစွဲထားတဲ့အတွက် နိုင်ငံတော်သမ္မတက ဝင်ရောက်စွပ်ဖက်လို့မရဘူး။ တရားရုံကိစ္စပြီးပြတ်သွားမှ သမ္မတက အခြေခံဥပဒေ အရလုပ်ပိုင်ခွင့်နဲ့ စဉ်းစားပြီးလုပ်ဆောင်လို့ရတာပေါ့။ ဒါကတော့ လက်ရှိ ဥပဒေ အရပြောတာပါ။''ဟု တွေ့ဆုံဆွေးနွေးပွဲအပြီး မဇ္ဈိမသို့ ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် သာယာဝတီ အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြမှုကို ကိုအောင်မှိုင်းဆန်းက စတင်ခဲ့ပြီး၊ ဗကသများအဖွဲ့ချုပ် ကျောင်းသားများနှင့် ဝန်းရံပြည်သူများဖြစ်သည့် ကိုသန်းထိုက်၊ ကိုမာနော်၊ ကိုဆွေလင်းထွန်း၊ ကိုကျော်စွာလင်း၊ ကိုမျိုးထက်ပိုင်၊ ကိုဖြိုးဓန၊ ကိုချစ်လင်းသိုက်နှင့် ကိုမျိုးမြတ်စံတို့လည်း အစာငတ်ခံ ဆန္ဒပြနေကြသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...