မြန်မာနိုင်ငံအစိုးရထုတ်ပေးသော နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများမှ သံရုံးနှင့်ကောင်စစ်ဝန်ရုံးတို့ တွင် ပုံစံ ၁၅ ဖြင့် မဲပေးခွင့်တောင်းခံလွှာတင်ပြီးသူများသာ ထိုင်းနိုင်ငံအတွင်းဖွင့် ပေးမည့် မဲရုံ ၂ ရုံတွင် မဲပေးရမည်ဖြစ်ကြောင်း ကောင်စစ်ဝန် ဦးစန်းယုကျော်က သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားချက်အရ အစိုးရခွင့်ပြုချက်နဲ့ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေကနေ မြန်မာသံရုံး မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေမှာ မဲပေးဖို့ မဲပြား တောင်းခံတဲ့ပုံစံ၊ ကျနော်တို့ အခေါ်က ပုံစံ ၁၅ ဖြည့်စွက်ပြီး လာရောက်လျှောက်ထားသူ ၁၄၂ ဦးရှိပါ တယ်။ ကျနော်တို့ စက်တင်ဘာလ ၁၉ ရက်နေ့တုန်းက ဖောင်ပိတ်ပါတယ်။ လာမယ့် ဒီအောက်တိုဘာ ၁၇ ရက်နေ့မှာ ကျနော်တို့ ကောင်စစ်ဝန်ရုံးမှာ ကြိုတင် မဲလာပေးရပါမယ်။ ကျနော်တို့ ချင်းမိုင် ကောင်စစ်ဝန်ရုံးက ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ထဲက မြန်မာနိုင်ငံသားတွေကိုတာဝန်ယူရတာ ပါခင်ဗျ။”ဟု ကောင်စစ်ဝန် ဦးစန်းယုကျော်က ရှင်းပြသည်။
ထိုင်းနိုင်ငံ တောင်ဘက်ခြမ်းတွင်မူ မဲဆန္ဒရှင်များမှ ပုံစံ ၁၅ ဖြင့် လာရောက်လျှောက်ထားသူများအား ဘန်ကောက်မြို့ မြန်မာသံရုံးတွင် အောက်တိုဘာ ၁၇ ရက်တွင်ပင် ကြိုတင်မဲပေးရမည်ဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့က သီးခြားစီအလုပ်လုပ်ရတာဆိုတော့ တခြားသံရုံးကရရှိတဲ့ မဲဆန္ဒရှင်အရေအတွက် ဘယ်လောက်ရှိတာဆိုတာ မသိနိုင်ပါဘူးခင်ဗျ။”ဟု ကောင်စစ်ဝန်မင်းက ပြောသည်။
ထိုင်းနိုင်ငံတွင် မဲပေးပိုင်ခွင့်ရှိသူအရေအတွက်စုစုပေါင်း အတိအကျ မသိနိုင်သော်လည်း အဆိုပါပုံစံ ၁၅ ဖြင့် လျှောက်လွှာ မတင်လိုက်ရသူများအပြင်၊ ထိုင်းရောက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား သန်းကျော်တို့မှာ နေရပ်ပြန်မဲပေးပါမှ မဲပေးပိုင်ခွင့်ရှိမည်ဖြစ်ကြောင်း ကောင်စစ်ဝန်က ပြောသည်။
“ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ သူတို့တွေအားလုံးသိအောင် အဘက်ဘက်က အသိပေး ကြေညာပေးခဲ့ပါတယ် ။ ကောင်စစ်ဝန်ချုပ်ရုံးရဲ့ကြော်ငြာဆိုင်းဘုတ်တွေမှာ၊ ဖေ့စ်ဘုတ်တွေမှာ၊ ချင်းမိုင် တက္ကသိုလ်တွေက သံရုံးကို ဆက်သွယ်တဲ့ ကျောင်းသားတွေကနေ၊ ဘုန်းကြီးကျောင်းတွေကနေ၊ လူမှုအသင်းလှုပ်ရှားနေသူတွေ၊ လိုကယ်ကွန်မြူနတီမှာလုပ်နေတဲ့ မြန်မာတွေဆီကနေ ကြော်ငြာစာတွေ ပေးခဲ့ပါတယ်”ဟု ဦးစန်းယုကျော်က ပြောဆိုသည်။
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံးကို ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ကဖွင့်လှစ်ခဲ့ပါသည်။ ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ဖြစ်သော ချင်းမိုင်၊ ချင်းရိုင်း၊ ဖယောဝ်၊ နန့်၊ ဖရဲ့၊ လမ်းပန်း၊ လမ်းပွန်း၊ မယ့်ဟောင့်ဆောင်နှင့် ဥတရတစ်တို့မှ မြန်မာနိုင်ငံသားများအတွက် တာဝန်ယူ ဝန်ဆောင်မှုပေးသည်ဟု သိရပါသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ ရှိပါသည်။ ၁၉၉၆ မှ ၁၉၉၈ ဧပြီလ အထိ ထိုစဉ်စစ်အစိုးရသည် သျှမ်းပြည်တောင်ပိုင်း လွယ်လင်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ နမ့်ဇန်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်မြို့နယ်အတွင်း ကျေးရွာ ၁၄၇၈ ရွာ လူဦးရေသုံးသိန်း ကျော်အား နေရပ်မှ အဓမ္မပြောင်းရွေ့ခိုင်းခဲ့သည်။ စစ်ဘေးရှောင်သျှမ်းပြည်သားများသည် ထိုင်းနယ်စပ် ချင်းရိုင်းခရိုင်တွင် မယ်ဆိုင်၊ မယ်ဖလုံ၊ ချင်းရိုင်း၊ ချင်းမိုင်ခရိုင်တွင် ချင်းမိုင်၊ ချိုင်းဒေါဝ်၊ ဖှန်၊ မယ်အိုင်း၊ ချိုင်းပရကန်း၊ မယ်ဟောင်ဆောင် ခရိုင်တွင်မူ မယ်ဟောင်ဆောင် နှင့် မုံးပိုင်းမြို့နယ် တို့၌ ပြောင်းရွှေ့ကာအလုပ်လုပ်ခဲ့ကြသည်။
ထို့အပြင် နယ်စပ်သျှမ်းကူညီရေးအဖွဲ့ စစ်တမ်းကောက်ယူမှုအရ စစ်ဘေးစစ်ဒဏ်အပြင် စီးပွားရေး အခက်အခဲကြောင့် နှစ်စဉ်နှစ်တိုင်းလည်း သျှမ်းပြည်သားများ နေရပ်စွန့်ခွါကာ ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည်။







