သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ အဆမတန်ပွားများလာခြင်းကြောင့် စပါးခင်းများ ပျက်စီးနေကြောင်း ပုံးအင်းတောင်သူများထံမှ သိရသည်။
နမ့်တဘက်ချောင်းကို မှီတင်းနေထိုင်ကြသည့် ပင်လွန်၊ နောင်စန့်၊ ပင်မွန်း၊ ဖက်ကွန် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် ခရုနီများသည် စပါးစိုက်ခင်းများကို အလျင်အမြန် ပျက်စီးနေကြောင်း ပုံးအင်းတောင်သူများက ပြောသည်။
ယခင်က ပုံးအင်းဒေသတွင် ယခုကဲ့သို့ ခရုအန္တရာယ်မျိုး မရှိခဲ့ဖူးဘဲ လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစတင်ကာ အခြေအနေ ဆိုးရွားလာခြင်းဖြစ်ကြောင်း အသက် ၃၀ ခန့်အရွယ် ပုံးအင်းတောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အရင်က ဒီခရုမျိုးကို မတွေ့ဖူးဘူး။ ငါးရှဉ့်ရှာတဲ့သူတွေက ဒါကို ငါးစာလုပ်ပြီးဖမ်းဖို့ ယူလာရာကနေ ပုံးအင်းဒေသတစ်ခုလုံး မျိုးပွားသွားတာပဲ။ အခုတော့ လယ်တွေကို အရမ်းဖျက်နေပြီ။ စပါးပင်တွေကို အကုန်စားပစ်တာ” ဟု ၎င်းက ပြောသည်။
ပုံးအင်းဒေသတွင် ကျူးကျော်မျိုးစိတ်များ၏ အန္တရာယ်နှင့် ကြုံတွေ့နေရသော်လည်း နိုင်ငံရေး အပြောင်းအလဲနှင့်အတူ အစိုးရယန္တရား ပျက်ယွင်းမှုကြောင့် တောင်သူများမှာ နည်းပညာနှင့် ကူညီထောက်ပံ့မှုများ မရှိဘဲ အားကိုးရာမဲ့ ဖြစ်နေကြကြောင်း ဆိုသည်။
အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ဌာနဆိုင်ရာ ဝန်ထမ်းအများအပြားသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သွားခြင်းကြောင့် စိုက်ပျိုးရေးဦးစီးဌာနများတွင် ကျွမ်းကျင်သူနှင့် ကွင်းဆင်းကူညီမည့်သူ ရှားသွားပါးခြင်းက ပြဿနာကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ပုံးအင်းတောင်သူများက ပြောသည်။
ပုံးအင်းဒေသရှိ တောင်သူများသည် ဆီဆိုင်နှင့် တောင်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနများသို့ အကူအညီ တောင်းခံရာတွင်လည်း လက်တွေ့ကျသည့် နှိမ်နင်းရေးနည်းပညာများ သင်တန်းပေးခြင်းမရှိဘဲ တောင်သူများ စုပေါင်းပြီး ခရုကောက်ရန်သာ ညွှန်ကြားချက် ပေးခဲ့ကြောင်း တောင်သူများက ဝေဖန်နေကြသည်။
“ဒီလောက်များတဲ့ ခရုတွေကို ဘယ်လိုလုပ်ပြီး မျိုးသုဉ်းအောင် ကောက်နိုင်မလဲ။ မဖြစ်နိုင်ဘူး။ တချို့ကလည်း ဆေးဖြန်းတယ်၊ ဆေးဖြန်းပြန်တော့လည်း စပါးကို ထိခိုက်တယ်။ အစိုးရဌာနတွေလည်း နာမည်ပဲ ရှိတယ်၊ တကယ်အလုပ်လုပ်ပေးမယ့်သူ မရှိတော့ဘူး” ဟု ပုံးအင်းတောင်သူတစ်ဦးက ထပ်လောင်းပြောသည်။
ထို့အပြင် အနိမ့်ပိုင်းဒေသရှိ စပါးခင်းများတွင် ခရုအန္တရာယ်သာမက ဆလားဘီးယားငါး များကလည်း စပါးပင်များကို စားသောက်ဖျက်ဆီးနေသဖြင့် တောင်သူများမှာ ဘက်ပေါင်းစုံ အခက်တွေ့နေရကြောင်း သိရသည်။
ပုံးအင်းဒေသသည် ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် ပြင်းထန်သော ရေကြီးမှုဒဏ်ကို ကြုံတွေ့ခဲ့ရသဖြင့် ၂၀၂၄ ခုနှစ်အတွင်း စပါးစိုက်ခင်း ဧကပေါင်း ၇,၀၀၀ ကျော်နှင့် ၂၀၂၅ ခုနှစ်အတွင်း စပါးစိုက်ခင်း ဧကပေါင်း ၃,၀၀၀ ကျော် ရေနစ်မြှုပ် ဆုံးရှုံးခဲ့ရကြောင်း ပုံးအင်းတောင်သူများထံမှ သိရသည်။
ယခုနှစ် ၂၀၂၆ ခုနှစ်တွင်လည်း ပုံးအင်းတောင်သူများသည် ရေဘေး၊ ဆက်ကြေးနှင့် ကုန်ဈေးနှုန်း မြင့်တက်မှု ဒဏ်ကို အလူးအလဲ ခံစားနေရပြီး စိုက်ပျိုးရေးစရိတ် အရင်းအနှီးနှင့် လုပ်သားအင်အား မရှိတော့သဖြင့် လယ်ယာမြေ ဧက ၃,၀၀၀ ကျော်မှာ စွန့်ပစ်ထားရကြောင်း သိရသည်။
လက်ရှိတွင် ဒေသခံတောင်သူများသည် ခရုနီများကို နည်းလမ်းမျိုးစုံဖြင့် အဖြေရှာနှိမ်နင်းနေကြေသော်လည်း ထိရောက်သည့် နည်းပညာ ကူညီမှုများ မရရှိပါက ယခုနှစ်အတွက် စပါးအထွက်နှုန်း သိသိသာသာ လျော့ကျနိုင်ကြောင်း ပုံးအင်းတောင်သူများက ပြောသည်။







