မေလ ၄ ရက် ည ၈ နာရီကျော်မှ ၉ နာရီကျော်သည်အထိ အင်အား ၅၀ ခန့်ရှိ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သီပေါမြို့မြောက်ဘက် တုံစန့်ရွာနှင့်ကပ်လျက်ရှိ အစိုးရတပ်မတော် တပ်ရင်း အမှတ် ခလရ ၂၃ အား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သီပေါမြို့မှ စစ်တပ်နှင့်နီးစပ်သူတစ်ဦးက “မြန်မာစစ်တပ်ဘက်က တစ်ယောက်သေတယ်။ ဒဏ်ရာရတာက ၄ ယောက်။ တိုက်ခိုက်ရေးအင်အားက ရှေ့တန်းထွက်နေကြတယ်လေ။ တပ်စောင့်သိပ်မရှိဘူးဆိုတာ သိကြတော့ ဝင်ပစ်ကြတာလည်း ဖြစ်နိုင်တယ်” ဟုပြောသည်။
အတည်မပြုနိုင်သေးသည့် သတင်းအရ ခလရ ၂၃ အား ဝင်ရောက်ပစ်ခတ်သည်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဖြစ်သည်ဟု ဆိုပါသည်။
တအာန်းတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာချက်အရ မေလ ၄ ရက်နေ့ မနက်ပိုင်းက ပြင်ဦးလွင်နှင့် မိုးကုတ်ကြားက အစိုးရတပ်ဖွဲ့ စစ်ယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ကြောင်း၊ ညနေ ၆ နာရီတွင်မူ မိုင်းလုံနှင့်ကျောက်မဲကြားက အစိုးရ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွါးခဲ့သေးကြောင်း၊ သီပေါမြို့ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထည့်သွင်း ထုတ်ပြန်ထားခြင်းမရှိပေ။







