ရေးမြို့နယ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ရာတွင် ခက်ခဲမှုများရှိ

ရေးမြို့နယ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ရာတွင် ခက်ခဲမှုများရှိ
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော  ( Community Forestry - CF ) တည်ထောင်ရာတွင် မြေယာအခက်အခဲနှင့် ဒေသခံများ စိတ်ပါ၀င်စားမှုနည်းပါးခြင်းတို့ကြောင့် အခက်အခဲများရှိနေကြောင်းရေးမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

အစိုးရစီမံခန့်ခွဲခွင့်ရှိသော ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများတွင် CF တည်ထောင်ရာ၌သက်ဆိုင်ရာမြေယာအသုံးချမှုကော်မတီ၏ ခွင့်ပြုချက်မရသဖြင့် လုပ်ငန်းကြံ့ကြာမှု၊ တောင်သူများ နေ့တဒူဝလုပ်ကိုင်စားသောက်နေရခြင်း၊ သဘာဝဘေးအခက်အခဲများနည်းပါးခြင်းနှင့် လိုအပ်နေသော ထင်း၊ တိုင်၊ မျှော၊ ၀ါးများ အလွယ်တကူရရှိနိုင်ခြင်းတို့ကြောင့် စိတ်ဝင်စားမှုနည်းပါးခြင်းဖြစ်ကြောင်း ရေးမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးဝင်းက ပြောသည်။

''ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တော၊ အစိုးရကစီမံခန့်ခွဲခွင့်ရှိတဲ့မြေများ၊ ပုဂ္ဂလိကနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့စည်းများပိုင်ဆိုင်တဲ့မြေများမှာ တည်ထောင်နိုင်ပါတယ်၊ သို့သော်လည်းပဲ အစိုးရရဲ့စီမံခန့်ခွဲရှိတဲ့မြေများမှာ တည်ထောင်တဲ့နေရာမှာ သက်ဆိုင်ရာမြေယာအသုံးချမှုကော်မတီရဲ့ ခွင့်ပြုချက်ရရှိမှသာ တည်ထောင်နိုင်ပါတယ်၊ ဒေသခံပြည်သူများအနေနဲ့ CF တည်ထောင်ချင်သော်လည်းပဲ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်အဆင့်ဆင့်ရဲ့ မြေယာအသုံးချမှုကော်မတီရဲ့ ခွင့်ပြုချက်မရလို့ လုပ်ငန်းတွေ ကြံ့ကြာခဲ့တယ်'' ဟု ၄င်းက ပြောသည်။

ရေးမြို့နယ်အတွင်း မာန်အောင်ကြိုးဝိုင်း ၁၆,၅၄၂ ဧကနှင့် ရေးချောင်းကြိုးဝိုင်း ၂၂၇,၄၄၄ ဧကရှိပြီး မာန်အောင်ကြိုးဝိုင်း ဧရိယဧက(၄၃၀)တွင် နိုင်ထောစွန်းပါ (၂၆)ဦး၊ အံဒင်ကျေးရွာ ကြိုးပြင်တောရှိ ဧရိယာဧက (၁၉၀.၀၄)တွင် ဦးသိန်းနိုင်ပါ (၆၀)ဦး၊ အဘော်ကျေးရွာ၊ စုန်းမကျွန်းရှိ ဧရိယာ (၁၇၃) ဧကတွင် ဦးထွန်းဝင်းပါ (၃၉)ဦး တို့က ဒေသခံပြည်သူ့အစုအဖွဲ့ပိုင်သစ်တောနှင့် ဒီရေတောများကို CF တည်ထောင်ထားသည်ဟု ရေးမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 မွန်ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာမင်းကြည်ဝင်းက '' ကြိုးဝိုင်းမှာပဲဖြစ်ဖြစ် ကြိုးပြင်ကာကွယ်တောမှာပဲဖြစ်ဖြစ် မြေလွတ်နေတဲ့နေရာမှာ နည်းလမ်းတကျ လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်ထားလို့ရတယ်၊ အစိုးရစီမံခန့်ခွဲနိုင်တဲ့မြေဆိုလဲရတယ်၊ ဒါပေမယ့်ဌာနနဲ့ပြန်ညှိရတယ်၊ ပေးတယ်မပေးဘူးဆိုတာက သူ့ဌာနရဲ့လုပ်ထုံးလုပ်နည်းအတိုင်းပေါ့၊ စွန့်လွှတ်လား၊မစွန့်လွှတ်ဘူးလားဆိုတာပေါ့၊ သစ်တောမြေကျတော့တစ်မျိုးပေါ့၊ အမှန်ကတော့ CF နဲ့ပတ်သက်လာရင် သိပ်ကိုလိုအပ်နေတယ်၊ ဘာလို့လဲဆိုတော့ နိုင်ငံတော်အစိုးရတစ်ခုတည်းနဲ့ သစ်တောကို ထိန်းသိမ်းဖို့ရာတော်တော်လေးအခက်အခဲရှိနေတယ်၊ ပြည်သူတွေကလည်း တစ်ဖက်တစ်လမ်းကနေအလုပ်အကိုင်အခွင့်အလမ်းတွေရတယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းရာရောက်တယ်'' ဟု ပြောသည်။

CF တည်ထောင်လုပ်ကိုင်လိုသူများအနေဖြင့် အဖွဲ့ ဖွဲ့စည်းကာ သစ်တောဌာနသို့ လျှောက်ထားရမည်ဖြစ်ပြီး CF တည်ထောင်ခြင်းဖြင့် ဒေသခံပြည်သူများ သစ်နှင့်သစ်တောထွက်ပစ္စည်းများရရှိခြင်း၊အလုပ်အကိုင်အခွင့်အလမ်းနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း၊ မြေနှင့်ရေအရင်းအမြစ်များကောင်းမွန်လာခြင်းနှင့် ရာသီဥတုမျှတစေခြင်း၊ ကန္တရဖြစ်ထွန်းမှုကာကွယ်ခြင်း၊ ရာသီဥတုကောင်းမွန်သဖြင့် စိုက်ပျိုးရေးအထောက်အကူပြုခြင်း၊ သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစားကျဆင်းမှု ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝလာခြင်းဖြင့် ဂေဟစနစ်ကောင်းမွန်လာခြင်း၊ မျှော၊ တိုင်၊ ထင်းအလွယ်တကူရရှိနိုင်ခြင်း စသည့်အကျိုးရလဒ်များ ရရှိလာမည်ဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ သိရသည်။

'' ဒီလို CF လုပ်တဲ့နေရာမှာ မြေအမျိုးအစားတွေက အများကြီးရှိတယ်၊ လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ စားကျက်မြေတွေဆိုရင်လဲ လုပ်လို့မရဘူး၊ မြေလွတ်မြေလပ်ဆိုပြီးတော့ စိုက်ပျိုးလို့မရရင်တော့ ရတာပေါ့၊ အဲဒီမြေဟုတ်/မဟုတ် အဆင့်အဆင့်စနစ်တကျသေချာစွာ အသေးစိတ်စိစစ်စစ်ဆေးပြီးမှသာ ပေးနိုင်မှာဖြစ်လို့ကြန့်ကြာနေတဲ့သဘောမျိုးဖြစ်နိုင်ပါတယ်။ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းကိုတော့ အားပေးပါတယ်'' ဟုကြန့်ကြာမှုအခြေအနေများနှင့်ပတ်သက်၍ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ပြောသည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...