သထုံခရိုင်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦးကို တာဝန်မှရပ်စဲ

သထုံခရိုင်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦးကို တာဝန်မှရပ်စဲ
by -
မွန်သတင်းအေဂျင်စီ
သထုံခရိုင် အုပ်ချုပ်ရေးမှူးရုံး(photo: Internet)
သထုံခရိုင် အုပ်ချုပ်ရေးမှူးရုံး(photo: Internet)
မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦးကို ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေဖြင့် တာဝန်မှရပ်စဲလိုက်ခြင်းဖြင့် အရေးယူခဲ့ရသည်ဟု သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

တာဝန်မှ ရပ်စဲခံရသည့် အုပ်ချုပ်ရေးမှူး ၆ ဦးတို့သည် ပေါင်မြို့နယ်မှ ၃ ဦးနှင့် သထုံမြို့နယ်မှ ၃ ဦးတို့ဖြစ်ပြီး ကျင့်ဝတ်ဖောက်ဖျက်မှု၊ အဂတိလိုက်စားမှုနှင့် ကျေးရွာမြေကွက်ရောင်းစားမှုများဖြင့် တိုင်ကြားခံရသူများ ဖြစ်သည်။

“ပြည်သူတွေက တိုင်ကြားထားလို့ စစ်ဆေးရေး ကော်မတီတွေက တိုင်ကြားစာပါ အချက်အလက်တွေ မှန်၊ မမှန် စစ်ဆေးတယ်၊ စစ်ဆေးတွေ့ရှိချက်တွေနဲ့ ပြည်နယ်အထိ တင်တယ်။ ပြည်နယ်အဖွဲ့က ဥပဒေနဲ့အညီ ဆောင်ရွက်ပါဆိုလို့ ညွန်ကြားလာတဲ့အတွက် ရပ်ကျေးဥပဒေအရ အုပ်ချုပ်ရေးမှူး ၆ ဦးကို တာဝန်ကနေ ရပ်စဲလိုက်တယ်” ဟု သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ဇောက ပြောသည်။

၄င်းအပြင် ထပ်မံတိုင်ကြားခံထားရသည့် ကျိုက်ထိုမြို့နယ်မှ ၂ ဦး၊ ပေါင်မြို့နယ်မှ ၄ ဦးနှင့် ဘီးလင်းမြို့နယ်မှ ၁ ဦး စုစုပေါင်း အုပ်ချုပ်ရေးမှူး ရ ဦးတို့ကိုလည်း သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်ဆေးရန် ညွှန်ကြားထားကြောင်း တိုင်ကြားမှု မှန်ကန်ပါက အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဦးကျော်ဇောက ဆက်ပြောသည်။

စစ်ဆေးဆဲခံရသည့် အုပ်ချုပ်ရေးမှူး ရ ဦးတို့သည် ကျေးရွာ မီးလင်းရေးကိစ္စ၊ စိုက်ပျိုးစရိတ်ချေးငွေကိစ္စ၊ ကျေးရွာမြေများ ရောင်းစားခြင်းကိစ္စနှင့် ကျင့်ဝတ်ဖောက်ဖျက်မှုကိစ္စတို့ဖြင့် တိုင်ကြားခံထားရသူများဖြစ်သည်ဟု သထုံခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားလာသည့် တိုင်ကြားစာများတွင်လည်း အုပ်ချုပ်ရေးမှူးတွေကို အရေယူပေးရန်ဆိုသည့်ကိစ္စ အများဆုံးတိုင်ကြားမှုရှိသည်ဟု လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ပြောသည်။

လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ကိုင်နေကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပါဝင်ပတ်သက်နေသူများ ဌာနဆိုင်ရာများ ရပ်တန့်ကြရန်နှင့် မရပ်တန့်ပါက ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ဇွန်လပထမအပတ်က ကျင်းပခဲ့ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သတိပေး ပြောဆိုထားမှု ရှိခဲ့သည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...