မြန်မာ့တပ်မတော်သဘောထားမပြောင်းလဲပါက တိုက်ပွဲများရပ်တန့်လိမ့်မည်မဟုတ်ဟု TNLA ပြော

မြန်မာ့တပ်မတော်သဘောထားမပြောင်းလဲပါက တိုက်ပွဲများရပ်တန့်လိမ့်မည်မဟုတ်ဟု TNLA ပြော
by -
မွန်သတင်းအေဂျင်စီ
မည်သည့်အပစ်အခတ်ရပ်စဲစာချုပ်ရေးထိုးထားသည်ဖြစ်စေ မြန်မာ့တပ်မတော်သဘောထားမပြောင်းလဲပါက တိုက်ပွဲများရပ်တန့်နိုင်လိမ့်မည်မဟုတ်ကြောင်း မြောက်ပိုင်းမဟာမိတ်ဖြစ်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။

“လက်ရှိ NCA ပဲဖြစ်ဖြစ် ကျနော်တို့အဆိုပြုတဲ့ NCA ပုံစံပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးမှုမရှိဘူး၊ မြန်မာ့တပ်မတော်ရဲ့ သဘောထားမပြောင်းလဲဘူးဆိုရင်တော့ ဘယ်စာချုပ် ဘယ်လိုပဲလက်မှတ်ထိုးထိုး တိုက်ပွဲတွေကို လက်တွေ့ရပ်စဲနိုင်မှာမဟုတ်ဘူး၊ အခြေအနေတော်တော်ဆိုးတယ်၊ ပြည်တွင်းစစ်မီးကြီးကို ရပ်စဲဖို့တော်တော်ခက်တဲ့ အနေအထားပါ” ဟု TNLA အထွေထွေအတွင်းရေးမှူးက ပြောသည်။

သို့ရာတွင် လက်ရှိတစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ပင်လုံအစည်းအဝေးသည် လက်တွေ့တွင် အလုပ်မဖြစ်သလို တိုက်ပွဲများကိုလည်း မရပ်စဲနိုင်သည့်အတွက် FPNCC အနေဖြင့် လက်ရှိ NCA ပြင်ပမှ လက်တွေ့အပစ်အခတ်ရပ်စဲနိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်အား မြန်မာအစိုးရထံ အဆိုပြုတင်ပြထားသည်ဟု ဆိုသည်။

TNLA အထွေထွေအတွင်းရေးမှူးက “ခက်နေတဲ့အခက်အခဲကတော့ မြန်မာအစိုးရဘက်က ဝနဲ့မိုင်းလားကို တဖွဲ့ချင်းပဲတွေ့ချင်တယ်၊ အားလုံးသိတဲ့အတိုင်းပဲ တပ်မတော်ဘက်က ကျနော်တို့ ၃ ဖွဲ့(TNLA,AA, MNDAA) ကိုတော့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်မှပဲ တွေ့နိုင်မယ် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲပါနိုင်မယ်လို့ သဘောထားတွေ တရားဝင်ပြောဆိုထားတော့ တော်တော်ခက်တဲ့အနေအထားမှာရှိနေတယ်” ဟု ဆက်ပြောသည်။

မြန်မာအစိုးရနှင့် တစ်ဖွဲ့ချင်းခွဲမတွေ့သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဝါဒပြန်လည်သုံးသပ်သည့် FPNCC အစည်းအဝေးတရပ်ကို ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဗဟိုဌာနချုပ်တွင် သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ၃ ရက်ကြာကျင်းပခဲ့ကြောင်း သိရသည်။

၀ ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP ၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA(ကိုးကန့်အဖွဲ့)၊ ရခိုုင်တပ်မတော် AA နှင့် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA(မိုုင်းလားအဖွဲ့) ရ ဖွဲ့တို့ပါဝင်သည့် FPNCC အဖွဲ့ဝင်ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟု သိရသည်။

အလားတူ တပ်မတော်၏ လုပ်ပိုင်ခွင့်များကို မထိန်းချုပ်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်မည်မဟုတ်ဟု တောင်ကြီးမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့သည့် ၂၉ နှစ်ပြည့် ၈ လေးလုံး အထိမ်းအမှတ် အခမ်းအနား၌ ဝေဖန်ထောက်ပြမှုများရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနက ဖော်ပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ နမ့်ခမ်း၊ ကျောက်မဲမြို့အနီးပတ်ဝန်းကျင်နှင့် ကချင်ပြည်နယ် တနိုင်းဒေသဘက်တွင် တပ်မတော်စစ်ကြောင်းများ ထိုးစစ်ဆင်လျက်ရှိပြီး မိုးရာသီကုန်ဆုံး၍ ပွင့်လင်းရာသီတွင် တိုက်ပွဲများပိုမိုပြင်းထန်လာမည့်အလားအလာ တွေ့ရှိနေရကြောင်း ဒေသခံများပြောကြားချက်ကို အခြေခံ၍ သတင်းမီဒီယာများတွင် ရေးသားဖော်ပြသည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...