ဖားဥတစ်မျိုးစားသုံးမိသူ ၂ ဦး အစာအဆိပ်သင့်သေဆုံး

ဖားဥတစ်မျိုးစားသုံးမိသူ ၂ ဦး အစာအဆိပ်သင့်သေဆုံး
by -
မွန်သတင်းအေဂျင်စီ
ဖားဥတစ်မျိုးစားသုံးမိရာမှ လူ၂ ဦး သေဆုံးကာ ၂ ဦးမှာ အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသည့် အစာအဆိပ်သင့်မှုတစ်ခု ဇူလိုင်လ ၁၅ ရက်နေ့လည်ပိုင်းတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ဖြစ်ပွားခဲ့သည်။

 မွန်ပြည်နယ်၊ ရေးမြို့နယ် အရှေ့ပိုင်း ဝယ်ဇင်ကျေးရွာအနီး ဥယျာဉ်ခြံတွင် အလုပ်လုပ်နေကြသည့် ရေးမြို့နယ် အနောက်ဖက် အဘော်ကျေးရွာမှ  ခြံလုပ်သား လူငယ်များ ဖြစ်သည့်   ၀င်းဦး (၁၈ နှစ်) နှင့် ဇော်မင်းထက် (၁၉ နှစ်) တို့ အစာအဆိပ်သင့်သေဆုံးခဲ့ပြီး၊ စိုက်ချမ်း (၂၄ နှစ်) နှင့် ကိုကရင် (ခ) အောင်မြင့်လေးတို့မှာ ရေးမြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသည်။

MNA Newsထိုဖားဥကို မစားရဲသည့်အတွက် အစာအဆိပ်သင့်ခြင်းမှ ကင်းလွတ်သူ နိုင်ကျဲ က "နေ့လည် ထမင်းဟင်းချက်တဲ့အချိန်မှာ အဆာပြေပေါ့၊ လူငယ်တွေ ဆိုတော့ အဲဒီဖားဥကို ကင်ပြီး စားကြတာ။ ထမင်းစားပြီးချိန်မှာ ပါးစပ်မှာ အမြှုပ်တွေ ထွက်ပြီး အကြောဆွဲသလို ခြေလက်တွေ တောင့်လာတယ်၊ တစ်ယောက်က ဆေးရုံ မရောက်ခင် ဆုံးသွားတယ်။ ဆေးရုံရောက်ပြီးတော့ တစ်ယောက်ထပ်ဆုံးတယ်” ဟု ပြောသည်။

၎င်းတို့ စားမိသည့် ဖားမှာ ဒေသအခေါ် ‘ရေခွေး’ ဖြစ်သည်ဟု နိုင်ကျဲ က ပြောသည်။ ရေးခွေးသည် မျက်လုံးပြူးကျယ်ပြီး၊ ဖားနှင့် ပုံသဏ္ဍာန်တူကာ ခွေးကဲ့သို့ ဟောင်တတ်သည့် အဆိပ်ပြင်း ရေနေသတ္တဝါတစ်မျိုး ဖြစ်သည်။

ရေးမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ''လူနာရှင်တွေက ဖားဥစားတယ်လို့တော့ ပြောတယ်။ လောလောဆယ်မှာတော့ အစာအဆိပ်သင့်တယ်လို့ပဲ သုံးသပ်ရပါတယ်။ ဘယ်လိုအဆိပ်မျိုးတော့ မသိသေးပါဘူး၊ ဒါမျိုးတော့ မကြံုဖူးပါဘူး'' ဟု ပြောကြားသည်။

ဤအစာအဆိပ်သင့် လူနာများတွင် သွေးပေါင်ချိန် မူမမှန်ခြင်း၊ နှလုံးခုန်နှုန်း နှေးခြင်း စသည့်လက္ခဏာများကို တွေ့ရပြီး၊ ကုသဆဲ လူနာ ၂ ဦးကို နှလုံးထိန်းဆေးများ ပေးကာ၊ စောင့်ကြည့်နေရကြောင်း အထက်ပါ တာဝန်ကျဆရာဝန်က ပြောသည်။

ရေးမြို့ ပြည်သူ့ဆေးရုံအနေနှင့် အစာအဆိပ်သင့် သေဆုံးသူ ၂ ဦး၏ အစာအိမ်အရည်အား ရယူကာ၊ ဆေးပညာ အထောက်အကူအတွက် အောက်မြန်မာပြည် ဓာတုဗေဒဝန်ရုံးသို့ ပေးပို့သွားမည်ဟု တာဝန်ကျ ဆရာဝန်ထံမှ သိရသည်။

Most read this week

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...