MCL စက်ရုံ၏အစီရင်ခံစာအသစ်သည် ဒေသခံများနှင့် တွေ့ဆုံထားခြင်းမရှိဟုဆိုု

MCL စက်ရုံ၏အစီရင်ခံစာအသစ်သည် ဒေသခံများနှင့် တွေ့ဆုံထားခြင်းမရှိဟုဆိုု
by -
မွန်သတင်းအေဂျင်စီ
မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cemant Ltd. (MCL) မှ အသစ်ရေးဆွဲထားသောသဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာတွင် ပါဝင်သော အချက်အလက် များသည်  ဒေသခံပြည်သူများနှင့်တွေ့ဆုံထားခြင်းမရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

“အခု EAI အစီရင်ခံစာအသစ်က ၂၀၁၃ ခုနှစ်ကအတိုင်းဘဲ၊ ကဏ္ဍအလိုက်ထပ်ခွဲပြီး ရေးထားတယ်လို့ဘဲ ကျနော်မြင်တယ်၊ ဘာကြောင့်လည်းဆိုတော့ ဒေသခံပြည်သူများနှင့် ထပ်မံတွေ့ဆုံထားတာ ဘာတစ်ခုမှမရှိခဲ့ဘူး”ဟု ဒေါက်တာမင်းကြင်ဝင်းက ပြောသည်။

EIA အစီရင်ခံစာတွင် ပါဝင်ရမည့်အချက်များမှာ ဒေသခံပြည်သူများ၏ သဘောထားဆန္ဒ ရယူရန်နှင့် ဒေသခံပြည်သူများ၏ အမြင်သဘောထားများလည်း ပါရှိရမည်ဟု ၂၀၁၃ ခုနှစ် EIA အစီရင်ခံစာ ပြုစုစဉ်က ဒေသခံပြည်သူများအား ရှင်းလင်း ချပြထားမှုရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အစီရင်ခံစာနှင့်ပတ်သက်၍ ကျောက်ထုတ်လုပ်မှု (EIA) အစီရင်ခံစာ၊ စက်ရုံလည်ပတ်မှု (EIA) အစီရင်ခံစာ၊ ကျောက်မီးသွေးဖြင့် လျှပ်စစ်စွမ်းအားထုတ်လုပ်မှု (EIA) အစီရင်ခံစာ နှင့် ကနဦးပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (IEE) အစီရင်ခံစာတို့ကို မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cemant Ltd. (MCL) မှ အသစ်ပြန်လည်ပြုစုကာ ဤဇွန်လအတွင်း ပြည်ထောင်စုဝန်ကြီးဌာနသို့ ပေးပို့ထားပြီးဟု သိရသည်။  

ထို့အတူ ဇွန်လ ၂၄ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက MCL စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးဖြစ်သည်။

မယ်ဂရိုဒေသခံ နိုင်ရွှေဝင်းက “ ပြည်ထောင်စုဝန်ကြီး MCL စက်ရုံကိုလာတာ ကြားရသော်လည်း ဘာတွေစစ်ဆေးသွားလဲဆိုတာကိုတော့ ကျနော်တို့ မသိရဘူး။ ပြည်ထောင်စုဝန်ကြီး လာတာ သတင်းကြားတော့ ကျနော်တို့စက်ရုံကို သွားပါတယ်၊ ဒါပေမယ့် ဟိုုရောက်တော့ ဝန်ကြီးက ပြန်သွားပြီ”ဟု ဆိုသည်။

အဆိုပါ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ကျောက်မီးသွေးအသုံးပြုမှု မရပ်တန့်ပါက ပျားတောင်ပတ်ဝန်းကျင်တွင်ရှိသော ကွမ်းငန်း၊ ကော့ဒွန်း၊ ကော့ပနော့ ဒေသခံများက ဆက်လက် ကန့်ကွက်ဆန္ဒပြသွားမည်ဟု နိုင်ရွှေဝင်းက ဆက်ပြောသည်။

Mawlamyine Cemant Ltd. (MCL) သည် ၂၀၁၃ ခုနှစ်က စက်ရုံတစ်ခုလုံးအတွက် ပြုစုထားသော (EIA) အစီရင်ခံစာကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ ပေးပို့ထားသော်လည်း အချက်အလက် မပြည့်စုံဟုဆိုကာ ၎င်းအစီရင်ခံစာကို ပြန်လည်တင်ပြရန် ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည်ဟု သိရသည်။

အဆိုပါ Mawlamyine Cement Limited (MCL) ဘိလပ်မြေစက်ရုံကို ထိုင်းနိုင်ငံ၏အထင်ရှားဆုံးSiam Cement Group-SCG ကုမ္ပဏီနှင့် မြန်မာနိုင်ငံတွင် အခြေချသော Pacific Link Cement ကုမ္ပဏီတို့ ပူပေါင်းတည်ဆောက်ခဲ့ပြီး တနေ့လျှင် ဘိလပ်မြေ တန်ချိန် ၅၀၀၀ ထုတ်လုပ် နေကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှ စတင်တည်ဆောက်ခဲ့သော အဆိုပါ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစပြီး စီးပွားအဖြစ်စတင်လည်ပတ်လျက်ရှိကြောင်း သိရသည်။

Most read this week

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...