မွန်ပြည်နယ်အတွင်းမြို့မြေသတ်မှတ်ခြင်းနှင့်မြေငှားဂရမ်များ ၂ နှစ်အချိန်ယူဆောင်ရွက်သွားမည်

မွန်ပြည်နယ်အတွင်းမြို့မြေသတ်မှတ်ခြင်းနှင့်မြေငှားဂရမ်များ ၂ နှစ်အချိန်ယူဆောင်ရွက်သွားမည်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း မြို့မြေအဖြစ်သတ်မှတ်ခြင်း နှင့် မြို့မြေငှားဂရမ်များကို ၂ နှစ်အချိန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဇွန်လ ၁၆ ရက်တွင် ပြောသည်။

အဆိုပါ မြို့မြေအဖြစ်သတ်မှတ်ခြင်းကို မွန်ပြည်နယ်လွှတ်တော် ဒုတိယသက်တမ်းတွင် စတင်ဆောင်ရွက်လျှက်ရှိပြီး လက်ရှိတွင် မော်လမြိုင် မြို့ပေါ်ရပ်ကွက်၊ ကျိုက်ရောမြို့နယ်၊ သံဖြူဇရပ် မြို့ပေါ် ၁၀ ရပ်ကွက်တို့တွင် မြေတိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိကြောင်း ဝန်ကြီးက မွန်သတင်းအေဂျင်စီသိုု့ ပြောကြားခဲ့သည်။

ဝန်ကြီး ဦးထွန်းဌေးက “တစ်ချို့မြို့နယ်ကျတော့ အစောကြီးတင်ပြလာတာရှိတယ်၊ အဲဒီအထဲမှာ လွှတ်တော်ကနေ ကတိကဝတ်ပေးထားတဲ့ မြို့တွေကို ဦးစားပေးလုပ်သွားမယ်၊ ကျန်တဲ့မြို့တွေကျတော့ နယ်မြေခံလွှတ်တော်ကိုယ်စားလှယ် နဲ့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး ပေါင်းစပ်ပြီတော့မှ တင်ပြလာတာရှိတယ်၊ အတတ်နိုင်ဆုံး ၂ နှစ်အတွင်းမှာ အပြီးဆောင်ရွက်နိုင်အောင် စီမံချက်စာအုပ်မှာ ရေးဆွဲထားတယ်” ဟု ပြောသည်။

မြို့မြေအဖြစ်သတ်မှတ်နိုင်ရေး နှင့် မြို့မြေငှားဂရမ် (မြေငှားစာချုပ်) ထုတ်ပေးနိုင်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ (၇၀,၈၃၅,၀၀၀) ကျပ် ကုန်ကျမည်ဖြစ်ပြီး မြို့မြေငှားဂရမ် ထုတ်ပေးနိုင်ရေးကိုလည်း ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် လုပ်ငန်းစီမံချက်ကိုလည်း ပေးပို့ထားပြီဟု ဆိုသည်။

“တစ်မြို့နယ်စီချင်း ရုန်းကန်ရမယ့်အနေအထားပေါ့၊ အဲဒီအတွက် ကျွမ်းကျင်တဲ့ မြေစာရင်းဝန်ထမ်း အင်အား လိုအပ်နေတယ်” ဟု ဦးထွန်းဌေးက ဆက်ပြောသည်။

မြို့မြေအဖြစ်သတ်မှတ်ပြီးပါက အိမ်ရာ၊ စားသောက်ဆိုင်၊ ဂိုဒေါင် စသည့်လုပ်ငန်းများ လုပ်ကိုင်လိုသည့်သူများသည် နှစ် ၃၀ မြေငှားဂရမ် ကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ပြီး အစိုးရမှ မြေကြီးမြေပုံ ၁၀၅/၁၀၆ ပုံစံ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဘီလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာ ခင်နိုင်ဦး က “ ဘီလင်းမြို့နယ်မှာ တိုးချဲ့လာတဲ့ ရပ်ကွက်တွေကို မြို့မြေအဖြစ် သတ်မှတ်ထားပေးတာ မရှိသေးဘူး၊ နှစ်စဉ်လူဦးရေ ထူထပ်လာပြီး အိမ်၊ ခြံ၊ မြေပြဿနာများ မကြာခဏ ဖြစ်ပွားနေတယ်” ဟု ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဌမ ပုံမှန်အစည်းအဝေးတွင် လွှတ်တော်၌ တင်ပြပြီး မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အဆိုပါ မြို့မြေအဖြစ် မြေတိုင်းတာခြင်းစီမံချက်ကို ၂၀၁၆ ခုနှစ်ကတည်း စတင်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် မြို့မြေအဖြစ် သတ်မှတ်ခြင်း နှင့် မြေငှားဂရမ် ထုတ်ပေးရန် ပေါင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင် စီမံချက် စာအုပ်နှင့် ငွေကြေးတင်ပြထားမှု မရှိသေးကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းရှိ မြေငှားဂရမ် မထုတ်ပေးရသေးသော မြို့ပေါ်ရပ်ကွက်မြေအများစုမှာ လယ်မြေ၊ ဥယျာဉ်မြေ၊ ရွာမြေ၊ စားကျက်မြေများအဖြစ်သာ ရှိနေသောကြောင့် မြေဂရမ် မရှိသူများ အနေဖြင့် ဘဏ်များတွင် ငွေချေးရန် အခက်အခဲရှိခြင်း၊ ပိုင်ဆိုင်မှု အထောက်အထား မပြသနိုင်ခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရသဖြင့် မြေငှားဂရမ်များ ထုတ်ပေးရန်လိုအပ်လျက်ရှိသည်။

Most read this week

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...