ကျောင်းသားလူငယ်မူးယစ်ဆေးသုံးစွဲမှုမြင့်တက်လာခြင်းအား အစိုးရအလေးထားဆောင်ရွက်ပေးရန် မွန်ပြည်နယ်လွှတ်တော်အတည်ပြု

ကျောင်းသားလူငယ်မူးယစ်ဆေးသုံးစွဲမှုမြင့်တက်လာခြင်းအား အစိုးရအလေးထားဆောင်ရွက်ပေးရန် မွန်ပြည်နယ်လွှတ်တော်အတည်ပြု
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်အတွင်း ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းအား ပြည်နယ်အစိုးရ အနေဖြင့် ပိုမိုထိရောက်သော နည်းလမ်းများဖြင့် အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်းခြင်းအဆိုကို ဇွန်လ ၁၅ ရက်နေ့ မွန်ပြည်နယ် ဒုတိယလွှတ်တော် ဆဋ္ဌဌမပုံမှန်အစည်းအဝေး(ဆဋ္ဌဌမနေ့တွင်) အတည်ပြုလိုက်သည်။

ယင်းအဆိုကို မွန်ပြည်နယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူမှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးကို ပုံစံအမျိုးမျိုးဖြင့် သုံးစွဲလာကြပြီးဖြစ်သည့်အတွက် မြို့တိုင်းရွာတိုင်းရှိ ကျောင်းသားလူငယ်များ၊ အထူးစိုးရိမ်စရာဖြစ်ရသည့်အခြေအနေရှိနေကြောင်း တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က ပြောသည်။

DSC 4460 2“ကျွန်တော်တို့တပ်မတော်အနေနဲ့လည်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ထိန်းသိမ်းရေး တိုက်ဖျက်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဒေသအသီးသီးရှိပြည်သူတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်လျက်ရှိတယ်၊ မွန်ပြည်နယ်အစိုးရ အနေနဲ့လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အတွက် ပြည်နယ်ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများအား တာဝန်ယူဆောင်ရွက်သွားမယ်”ဟု ဗိုလ်မှူးသိန်းဇော်က ဆိုသည်။

အနာဂတ်လူငယ်များအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် မူးယစ်ဆေးဝါးကိုအဓိကထားတားဆီးကာကွယ် နိုင်ရန်အတွက် လက်ရှိမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသင်းတို့နှင့်အတူ ပြည်နယ်အတွင်းရှိ CSO အဖွဲ့အစည်းများ၊ ပြည်သူများ၊ တက်တက်ကြွကြွပူးပေါင်းပါဝင်ပြီး၊ အသိပညာပေးခြင်းကို ပိုမိုဆောင်ရွက်သွားရန်လိုအပ်ကြောင်း သူက ထောက်ပြသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရမူဝါဒများနှင့် ပြည်ထောင်စု၏လမ်းညွှန်ချက်များ နှင့်အညီနည်းလမ်း ၄ သွယ်နဲ့လက်ရှိဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။

ဗိုလ်မှူးကြီးဝင်းနိုင်ဦးက “ကျွန်တော်တို့အနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့နည်းလမ်း ၄ သွယ်မှာ၊ မူးယစ် ဆေးဝါးတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူခြင်း၊ မူးယစ်ဆေးဝါးန္တရာယ်ကို ကျောင်းသားလူငယ်များအပါအဝင် ပြည်သူလူထုတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေ ပြုလုပ်ခြင်း၊ မူးယစ်ဆေးစွဲနေတဲ့ လူကို သူ့ရဲ့ သဘောဆန္ဒနဲ့အညီ အခမဲ့ဆေးဝါးကုသပေးပြီး ပြန်လည်ထူထောင်ရေးပြုလုပ်ပေးခြင်း၊ ဖမ်းဆီး ရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ဆက်စပ်တဲ့တရားခံတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေကို ပေးသွားမယ်” ဟု ဆိုသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်လာအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် လွှတ်တော်အစိုးရ၊ ဌာနဆိုင်ရာများ ၊မီဒီယာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုမှ အလွှာပေါင်းစုံကပေး သည့်အကြံအဉာဏ်များစွာလိုအပ်သလို ၄င်းနှင့်သက်ဆိုင်သည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘတ်ဂျက်လို အပ်နေကြောင်း ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ထောက်ပြခဲ့သည်။

လက်ရှိမွန်ပြည်နယ်အတွင်း မူးယစ်ဆေးစွဲနေသည့်လူငယ်များအား ပြန်လည်ထူထောင်ရေးနည်းလမ်းဖြင့် စိတ်ပိုင်းဆိုင်ရာရော ကျန်းမာရေး အပိုင်းပါကုသပေးပြီး ပကတိအတိုင်းဖြစ်လာသည့် လူငယ် (၅၀) ဦးခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။

Most read this week

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...