စိတ်ကြွမူးယစ်ဆေးသုံးစွဲသည့် လူငယ် ၁၃ ဦးအား မွန်ပြည်သစ် ဖမ်းဆီး

စိတ်ကြွမူးယစ်ဆေးသုံးစွဲသည့် လူငယ် ၁၃ ဦးအား မွန်ပြည်သစ် ဖမ်းဆီး
by -
မွန်သတင်းအေဂျင်စီ
သုံးစွဲသူလူငယ်များထံမှ သိမ်းဆည်းရမိသည့်မူးယစ်ဆေးဝါး(MNA)
သုံးစွဲသူလူငယ်များထံမှ သိမ်းဆည်းရမိသည့်မူးယစ်ဆေးဝါး(MNA)
ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်း၊ တောင်ပေါက်ကျေးရွာတို့တွင် စိတ်ကြွမူးယစ်ဆေး (မြင်ဆေး) သုံးစွဲ သည့် အသက် ၁၄ နှစ်အရွယ်တစ်ဦးအပါအဝင် လူငယ် ၁၃ ဦးတို့အား ဇွန်လ ၆ ရက်နေ့က မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

သားဖြစ်သူ စိတ်ကြွမူးယစ်ဆေး အလွန်အကျွံ သုံးစွဲနေကြောင်း လူငယ်တစ်ဦး၏ မိဘဖြစ်သူမှ လာရောက် တိုင်ကြားမှုအပေါ် အခြေခံ၍ ထိုလူငယ်အား ခေါ်ယူစစ်ဆေးရာမှ ယင်ကဲ့သို့ မူးယစ်ဆေးသုံးစွဲသူလူငယ်များ အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီအုပ်ချုပ်ရေးနယ်မြေ မော်လမြိုင်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ဥက္ကဌက အတည် ပြုပြောကြားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဥက္ကဌ နိုင်ရာဇာက “သူတို့မိဘတွေရဲ့ ရှေ့မှောက်မှာပဲ ကျွန်တော်တို့ခေါ်ယူစစ်ဆေးခဲ့ တယ်၊ စစ်ဆေးတဲ့အခါကျတော့ သူတို့ကိုယ်တိုင်ကလည်း ဝန်ခံကြတယ်၊ တစ်ချို့ကတော့ မူးယစ်ဆေးသုံးနေ တာ ၂ နှစ်ရှိပြီ၊ တစ်ချို့က ၁ နှစ်ရှိပြီ အဲဒီလိုမျိုးပေါ့ ဝန်ခံကြတယ်” ဟု ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အဆိုပါ လူငယ် ၁၃ ဦးတို့တွင် အသက် ၁၄ နှစ်နှင့် ၂၃ နှစ်ကြာအရွယ်များဖြစ် ကြပြီး မူးယစ်ဆေးအမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသည့် လူငယ် ၂ ဦးလည်း ပြန်လည်ပါဝင်နေသည်ကို တွေ့ရှိရ ကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူခြင်းအပိုင်းတွင် မိဘအုပ်ထိန်းသူများမှ အသိပေး တိုင်ကြားလာ၍သော်လည်းကောင်း၊ ကိုယ်တိုင်ဖမ်းဆီး၍သော်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရရဲတပ်ဖွဲ့တို့ကို သတင်းပေး၍သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မှတာဝန်ရှိသူတစ်ဦးက “ဒီလိုမျိုးလူငယ်တွေကို ပြစ်ဒဏ် ၃ လပဲ ကျွန်တော်တို့ချနိုင်ပါတယ်၊ နောက် မိဘကိုယ်တိုင်လာအပ်တဲ့လူငယ်တွေကိုလည်း ပြစ်ဒဏ်က ၃ လပဲ။ သူတို့  ကို ဆေးဖြတ်ပေးနိုင်အောင် ကူညီပြုပြင်ပေးတဲ့သဘောပါပဲ” ဟု ပြောပြသည်။

အလားတူ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဌာနချုပ်ရှိ အချုပ်စခန်းတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ရ ရက်နေ့အထိ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးအရေးယူခြင်း ခံရသူ ၄၀ ဦးခန့်ရှိနေကြောင်း သိရသည်။

မူးယစ်ဆေးဝါးပြဿနာအား အမျိုးသားစီမံချက်အဆင့်လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ထားပြီး တားဆီးရေး၊ ပညာပေးရေးနှင့် မူးယစ်ဆေးဖြတ်သူများအား ပြန်လည်ထူထောင်ရေးစခန်းများ ဆောက်လုပ်၍ ကိုင်တွယ်ဖြေ ရှင်းသွားရန် ၂၀၁၄ ခုနှစ်ကတည်းက မွန်ပြည်သစ်ပါတီမှ ဆုံးဖြတ်ထားကြောင်း သိရသည်။

Most read this week

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...