၂၁ ပင်လုံညီလာခံဒုတိယအစည်းအဝေးသို့ FPNCC တက်ရောက်သော်လည်း UNFC မတက်ရောက်ဖြစ်

၂၁ ပင်လုံညီလာခံဒုတိယအစည်းအဝေးသို့ FPNCC တက်ရောက်သော်လည်း UNFC မတက်ရောက်ဖြစ်
by -
မွန်သတင်းအေဂျင်စီ
FPNCC အဖွဲ့ နေပြည်တော်သို့ရောက်ရှိလာစဉ် (Peace Commission)
FPNCC အဖွဲ့ နေပြည်တော်သို့ရောက်ရှိလာစဉ် (Peace Commission)
မေလ ၂၄ တွင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC  မြောက်ပိုင်းမဟာမိတ် ရ ဖွဲ့ တက်ရောက်မည်ဖြစ်သော်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လမ်းကြောင်းကိုလက်မခံသည့် “၀” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ UWSP ဦးဆောင်သည့် KIA, SSPP, NDAA, TNLA, AA, MNDAA ရ ဖွဲ့ပါဝင်သည့်မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  FPNCC  မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်သို့ရောက်ရှိနေပြီ ဖြစ်သည်။

“နို်င်ငံရေးဆွေးနွေးပွဲကြီးဖြစ်မှသာလျှင် မြန်မာ့နိုင်ငံရေးက ရှေ့ကိုသွားမယ့်အနေအထားဖြစ်တဲ့အခါမှာ မြောက်ပိုင်း ဗဟိုပြုတဲ့အဖွဲ့ ရ ဖွဲ့သည်လည်းပဲ ပါသင့်ပါတယ် ပါအောင်လည်းပဲ ဖိတ်ကြားထားတဲ့အခါမှာ ဖွင့်ပွဲနဲ့ပိတ်ပွဲကိုပဲ တက်ခွင့်ရှိတယ်၊ အဲတာမျိုးကန့်သတ်ချက်တွေလည်း ကြားရပါတယ်၊ UNFC ကတော့ ညီလာခံကို အစအဆုံးတက်လို့ရတယ် သို့သော် လေးနက်သောကတိကဝတ် DOC ကိုထိုးပြီးကာမှ ဆွေးနွေးခွင့်ရှိမယ်ဆိုတဲ့ ကန့်သတ်ချက်တစ်ခုရှိပါတယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုပူးတွဲကော်မတီ UPDJC  နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဒေါက်တာအေးမောင်က ပြောသည်။

သို့သော် ကျင်းပပြီးစီးခဲ့သည့် (၂၁) ရာစုပင်လုံပထမအစည်းအဝေးတွင် တန်းတူဆွေးနွေးခွင့်ရှိသည့်အပေါ် UNFC တက်ရောက်ခဲ့သော်လည်း ယခုကျင်းပမည့် ဒုတိယအကြိမ်အစည်းအဝေး၌ လေ့လာသူအဆင့်သာရှိသောကြောင့် မတက်ရောက်သင့်ဟု ဆုံးဖြတ်ကြောင်း UNFC ဒုဥက္ကဌနိုင်ဟံသာက ပြောသည်။

“၂၁ ပင်လုံမလာတဲ့အပေါ်မှာ ကျနော်တို့အတွက် အခက်အခဲကြုံတာကတော့ သူတို့ဖိတ်စာကလည်း ရောက်တာ တော်တော်လေးနောက်ကျတယ် ကျနော်တို့အစည်းအဝေးနဲ့လည်း တိုက်ဆိုင်နေတယ်၊ နောက်တစ်ခုက ကျနော်တို့ကို အထူးဧည့်သည်အနေနဲ့ဖိတ်ကြားတယ် ဒါကတော့စကားလုံးလှအောင် အထူးဖိတ်ကြားသူူပေါ့ အမှန်ကတော့ လေ့လာသူ အဆင့်ပါပဲ ကျနော်တို့က အခြားကိုယ်စားလှယ်တွေနဲ့ တန်းတူ ဆွေးနွေးခွင့် ဆုံးဖြတ်ခွင့်တွေ မရှိတဲ့အနေအထားပေါ်မှာ ကျနော်တို့ကတော့ မတက်သင့်ဘူးလို့ မြင်တယ်၊ အရင်ကလည်း ဒီလိုပဲဆုံးဖြတ်ခဲ့တယ်” ဟု ၄င်းက ဆိုသည်။

ထို့အတူ ပင်လုံမူ၊ ပင်လုံစိတ်ဓါတ်၊ ပင်လုံကတိကဝတ်တို့နှင့်အညီ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားပြည်နယ်များကိုအခြေခံသော စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးသို့ ဦးတည်သည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံ ဝန်းရံပံ့ပိုးသွားမည်ဖြစ်ပါကြောင်း မေလ ၂၃ ရက်စွဲဖြင့် UNFC က ကြေညာချက်ထုတ်ပြန်လိုက်သည်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KIO , SSPP, NMSP, KNPP, ANC , WNO, LDU ရ ဖွဲ့ပါဝင်သည့်UNFC တွင်  KIO နှင့် SSPP တို့ FPNCC အဖွဲ့သို့ဝင်ရောက်ခဲ့ကြောင်း၊ KIO နှင့် WNO တို့ UNFC မှနှုတ်ထွက်ရန်တင်ပြထားကြောင်း သိရသည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...