မွန်အမျိုးသားကျောင်းသားများ အစိုးရကျောင်းသို့ကူးပြောင်းလိုပါက ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်

မွန်အမျိုးသားကျောင်းသားများ အစိုးရကျောင်းသို့ကူးပြောင်းလိုပါက ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်
by -
မွန်သတင်းအေဂျင်စီ
၂၀၁၇-၁၈ ပညာသင်နှစ်တွင် မွန်အမျိုးသားစာသင်ကျောင်းမှ ကျောင်းသားများ အစိုးရစာသင်ကျောင်းသို့ အတန်းကူးပြောင်း သင်ကြားလိုပါက ကျောင်းဝင်ခွင့် စာမေးပွဲကိုဖြေဆိုရမည်ဟု မွန်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဦးမျိုးတင့်အောင်က “မွန်အမျိုးသားစာသင်ကျောင်းမှ အစိုးရစာသင်ကျောင်းကို ကူးပြောင်းမယ်ဆိုရင် သတ်မှတ်ချက်အရ ဝင်ခွင့်စာမေးပွဲ ကို ဝင်ရောက်ဖြေဆိုပြီးရင် အတန်းနေရာသတ်မှတ်ပေးမယ်၊ ဥပမာ- မွန်အမျိုးသားကျောင်းမှ ၃ တန်း အောင်ထားပြီးဆိုပါက အစိုးရကျောင်းသို့ ၄ တန်းတက်လိုလျင် အစိုးရ ၃ တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုရမယ်” ဟု ဆိုသည်။

မွန်အမျိုးသားပညာရေးကျောင်းမှ ကျောင်းသား/ကျောင်းသူများ အစိုးရကျောင်းသို့ ကူးပြောင်းသည့်အခါ အစိုးရစစ်ဖြစ်သည့် ၄ တန်း၊ ၈ တန်း၊ ၁၀ တန်းအတွက် နိုင်ငံတော်၏မေးခွန်းကို ဖြေဆိုရမည် ဖြစ်ပြီး အခြားသော အစိုးရစစ်မဟုတ်သည့်အတန်းများအတွက် ၃ ဘာသာ (မြန်မာစာ၊ အင်္ဂလိပ်၊သချာင်္) ဖြေဆိုရမည်ဟု ၎င်းက ဆက်ပြောသည်။

အကယ်၍ အစိုးစစ်စာမေးပွဲမေးခွန်းကို မဖြေဆိုထားသော မွန်အမျိုးသားပညာရေးမှ ကျောင်းသားများအနေဖြင့် အစိုးရကျောင်းသို့ အတန်းကူးပြောင်းပါက အခက်ခဲရှိနိုင်မည်ဟု မွန်ကျောင်းဆရာများက သုံးသပ်ထားပြီး ၎င်းမေးခွန်းကို ဝင်ရောက်ဖြေဆိုမည်ဟု ဆုံးဖြတ်ထားသည်။

“ပြည်နယ်ပညာရေးမှူးနဲ့ ကျနော် တွေ့ဆုံဆွေးနွေးခဲ့ဘူးတယ်၊ ၈ တန်းအစိုးရစစ်ကိုမဖြေဆိုထားဘူးဆိုရင် သူပြောတာက အစိုရကျောင်းကို ၉ တန်းဆိုပြီး အတန်းပြောင်းဝင်လာလို့မရပါဘူး၊ ဒါပေမယ့် ပြင်ပကျောင်းသားအနေနဲ့ အစိုးရစာသင်ကျောင်းမှာ ၉ တန်းဖြေဆိုတာကိုတော့ သူတို့လက်ခံပါတယ်၊ ပြင်ပမှ ၉ တန်းအောင်ပြီး အစိုးရ ၁၀ တန်းကျောင်း တက်လို့ရတယ်၊ မအောင်ရင်လည်း အစိုးရကျောင်း ၉ တန်းမှာ ပြန်နေခွင့်ရှိတယ်”ဟု မွန်အမျိုးသားပညာရေးကော်မတီဝင် မင်းအောင်ဇေက ပြောပြသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မွန်အမျိုးသားပညာရေးကျောင်းမှ  ၁၀ တန်းနှင့် ၈ တန်းကျောင်းသားများ အစိုးရစစ်စာမေး ပွဲကို ဖြေဆိုခဲ့ကြောင်း၊ ကျောင်းဝတ်စုံ စသည့် အထောက်အကူပစ္စည်းများ ထောက်ပံ့မှုပေးနိုင်ရန် ကျောင်းသားစာရင်းများကို အစိုးရ ပညာရေးဌာနမှ တောင်းခံထားကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားပညာရေးကော်မတီတွင် အထက်တန်း (၃) ကျောင်း၊ အလယ်တန်း(၁၂) ကျောင်း၊ မူလွန် (၂၃) ကျောင်း၊ မူလတန်းကျောင်း (၁၀၄) ကျောင်း၊ အစိုးရစာသင်ကျောင်းများတွင်တွဲဖက်သင်ကြားနေသည့် စာသင်ကျောင်း (၁၀၇) ကျောင်းရှိပြီး ကျောင်းသား/သူများ စုစုပေါင်း  ၃ သောင်းကျော် ရှိကြောင်း သိရသည်။

၁၉၉၅ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကော်မတီ-နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲရေးသဘော တူညီမှုအရ မွန်အမျိုးသားကျောင်းမှ ကျောင်းသား/ကျောင်းသူများကို အစိုးရစာသင်ကျောင်းများတွင် ဆက်လက်ပညာသင်ကြားရန် လက်ခံခဲ့ပြီး မွန်အမျိုးသားကျောင်းမှ ၁၀ တန်းကျောင်းသားများ အစိုးရစာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ မွန်အမျိုးသားပညာရေး ဌာနမှ ကျောင်းသား ၄၀၀ ကျော် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီးဖြစ်ကြောင်း အံဒင် မွန်အမျိုးသားပညာရေးအထက်တန်းကျောင်း အုပ်ဆရာမကြီး မိလဝီဟံထံမှ သိရသည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...