မွန်ပြည်နယ် တောင်စွန်းအကျဉ်းဦးစီးဌာနကျောက်မိုင်းပြန်ဖွင့်ပေးရန် ဆန္ဒပြတောင်းဆို

မွန်ပြည်နယ် တောင်စွန်းအကျဉ်းဦးစီးဌာနကျောက်မိုင်းပြန်ဖွင့်ပေးရန် ဆန္ဒပြတောင်းဆို
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကေလာသသဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းရှိ ပိတ်သိမ်းထားသော တောင်စွန်း အကျဉ်းဦးစီးဌာနက ကျောက်မိုင်းကို ပြန်ဖွင့်ပေးရန် ပုဂ္ဂလိက ကျောက်ခွဲစက် အလုပ်သမားတို့က မေလ ၂ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ကျောက်မိုင်းပိတ်လိုက်ခြင်းကြောင်း ကျောက်မိုင်းတွင် လုပ်ကိုင်နေကြသည့် ဒေသခံပြည်သူများ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့် အလမ်း ဆုံးရှုံးကြရပြီး စားဝတ်နေရေးအဆင်မပြေကြသည့်အတွက် ကျောက်မိုင်းကို ပြန်ဖွင့်ပေးရန် ဆန္ဒထုတ်ဖေါ် တောင်းဆိုရခြင်းဖြစ်သည်ဟု သိရသည်။
                
"ဒီကျောက်စက်တွေ ပြန်ဖွင့်မှပဲ ကျမတို့အနေနဲ့ စားဝတ်နေရေး အဆင်ပြေတာလေ၊ အခုလူတွေက ဘယ်လိုဖြစ်ကုန်လည်းဆိုတော့ အလုပ်မရှိကြတော့ဘူး၊ နောက် မိုးတွင်းဆို ပိုငတ်မှာပေါ့” ဟု တောင်စွန်း ကျောက်ခွဲစက်အလုပ်သမ တစ်ဦးဖြစ်သူ မသန္တာထွန်းက ပြောသည်။

တောင်စွန်း အကျဉ်းဦးစီးဌာန ကျောက်မိုင်းကို မတ်လ ၈ ရက်နေ့ စတင် ပိတ်သိမ်းခဲ့ပြီး ကျောက်မိုင်းလုပ်ငန်းကို မှီခိုနေကြရသည့် ကျောက်မိုင်းလုပ်သားများ အလုပ်လက်မဲ့ဖြစ်ကြရပြီး စားဝတ်နေရေး အခက်အခဲကြံုတွေ့နေရသည်ဟု ကျောက်မိုင်းလုပ်သားတို့က ပြောသည်။

ပုဂ္ဂလိကကျောက်ခွဲစက်တစ်ခုမှ အလုပ်သမားခေါင်းဆာင် ကိုကျော်ဇင်ဌေးကလည်း “ကျနော်တို့ လက်အောက်မှာ ရှိနေကြတဲ့ နေ့စား၊ လက်လုပ် လက်စား အလုပ်သမားတွေ အလုပ်မရှိကြတော့ စားဝတ်နေရေး အခက်အခဲ တအားကြီးကို ဖြစ်နေကြပါတယ်”ဟု ပြောသည်။

ဘီးလင်းမြို့နယ်ရှိ ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း ကျောက်ထုတ်လုပ်မှုလုပ်ငန်းများအားလုံး ထာဝရ ပိတ်သိမ်းရန် ပြည်နယ်လွှတ်တော်က အတည်ပြုထားပြီးနောက် ပြည်နယ်အစိုးရအဖွဲ့က အဆိုပါကျောက်မိုင်းများ ပိတ်သိမ်းရန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ရက်စွဲဖြင့် ညွှန်ကြားစာ ထုတ်ပြန်ထားသည်။

သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းတွင် ကျောက်မိုင်းလုပ်ငန်းများ မရှိသင့်ဘူးလို့ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောသည်။

“ဒီကျောက်မိုင်းတွေဟာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ ့မညီညွှတ်ဘူး။ သဘာဝထိန်းသိမ်းရေးနယ်မြေထဲမှာရှိနေတဲ့အတွက် ဥပဒေအရ တရားဝင်လိုင်စင်ပေးလို့ရတဲ့ ကျောက်မိုင်းတွေမဟုတ်ဘူး၊ နောက် ဒီဒေသရဲ ့သဘာဝအနေအထား၊ သမိုင်းယဉ်ကျေးမှု တန်ဖိုးမြင့်မားတဲ့၊ တန်ဖိုးဖြတ်လို့မရတဲ့့ နေရာဖြစ်တဲ့အတွက် ကျောက်မိုင်းတွေ ခွင့်ပြုလို့ရတဲ့နေရာမဟုတ်ဘူး၊ နောက်တစ်ချက် ဒီကေလာသတောင်ရိုးပတ်လည်မှာ နေထိုင်နေကြတဲ့ လူသားအရင်းအမြစ်ပေါ့၊ ဘီးလင်းမြို့နယ်က လူဦးရေရဲ ့(၄) ပုံ (၁) ပုံက ဒီတောင်ပတ်လည်မှာ နေထိုင် နေကြပါတယ်၊ အဲဒီလူတွေရဲ ့အဓိက သောက်သုံးရေက ဒီတောင်ရိုးတလျောက်ကရတာဖြစ်ပါတယ်။ ဒီတောင်တွေပေါ်မှာရှိတဲ့ ရေချိုထိန်းပေးတဲ့ သစ်ပင်တွေကို အကြီးအကျယ် ပြုန်းတီးစေတဲ့ ကျောက်မိုင်းလုပ်ငန်းလိုမျိုးတွေ မရှိသင့်ပါဘူး” ဟု ၄င်းက ပြောသည်။

အဆိုပါ ကျောက်မိုင်းများအား ပိတ်သိမ်းပေးရန် ဒေသခံပြည်သူလူထု (၂၀၀၀) တို့က ့လက်မှတ်ရေးထိုးပြီး တင်ပြထားသည်ဟုလည်း ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ပုဂ္ဂလိကကျောက်ခွဲွစက် အလုပ်သမား ၂၀၀ ခန့် ပါဝင်သည့် ဆန္ဒထုတ်ဖော်ပွဲသည် နံနက် ၈ နာရီအချိန်မှ စပြီး ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ၊ ကင်းရွာနှင့် ဘီးလင်းမြို့ရှိ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များရုံးရှေ့တွင် ချီတက်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများသည် "ကျောက်ထုတ်အလုပ်စခန်းကျောက်မိုင်းများကို ပြန်လည်ဖွင့်လှစ်ပေးရေး ဒို့အရေး"၊ "ဆင်းရဲနွမ်းပါးသော ဒေသခံ ကျေးလက်နေပြည်သူများ အလုပ်အကိုင် ရရှိရေး ဒို့အရေး"၊ "ဆင်းရဲနွမ်းပါးသော ဒေသခံ ကျေးလက်ပြည်သူများ၏ ဘဝကို အမှန်တကယ်တွေ့မြင်ပေးရေး ဒို့အရေး"၊ "အလုပ်အကိုင် အခွင့်အလမ်း ပြန်လည်ရရှိရေး ဒို့အရေး"၊ "ဒေသခံပြည်သူတွေရဲ့အသံ နားထောင်ရေး ဒို့အရေး"၊ "လွှတ်တော်သည် ပြည်သူအတွက် ဖြစ်စေရေး ဒို့အရေး" စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...