ဘီလူးကျွန်းချောင်းဆုံတွင် NLD အား ရ၀၀၀ မဲအသာဖြင့် USDP အပြတ်အသတ်နိုင်

ဘီလူးကျွန်းချောင်းဆုံတွင် NLD အား ရ၀၀၀ မဲအသာဖြင့် USDP အပြတ်အသတ်နိုင်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဧပြီလ ၁ ရက်နေ့တွင်ကျင်းပသည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ  ဦးအောင်ကြည်သိန်းက NLD အား မဲ ရ၀၀၀ ကျော်အပြတ်အသတ်် အနိုင်ရရှိခဲ့ကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး စာရင်းအရ သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၉၆၆၇ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၁၂၆၃၆ မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ၁၀၈၅၆ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂၀၁၃ မဲ၊ မွန်အမျိုးသားပါတီ MNP မှ ၁၉၉၂ မဲ အသီးသီးရရှိခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်း က “ တစ်ချို့ဒေသခံက ကျနော့ပါတီကို ကြိုက်လို့၊ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကို နှစ်သက်လို့ မဲပေးတာများတယ်ပေါ့နော်၊ အဓိက ကတော့ ကိုယ်စားလှယ်တစ်ယောက် ဖြစ်လာတဲ့အခါမှာ ဒေသခံတွေကို ပေးထားတဲ့အတိုင်း ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

အပြတ်သတ်အနိုင်ရရှိခဲ့သည့်မဲရုံများမှာ ကွမ်ယိုက်ကျေးရွာအုပ်စုတွင် ၁၂၄၆ မဲ၊ ရွာလွတ်ကျေးအုပ်စုတွင် ၁၂၁၃၊  သက္ကော ကျေးရွာအုပ်စုတွင် ရ၃၂ စသည့်ကျေးရွာအုပ်စုအများစု၌ မဲရရှိခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ဦးအေးဝင်း၊ မွန်အမျိုးသားပါတီ (MNP)မှ နိုင်စိန်မြမောင်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP)မှ ဦးဝင်းထွဋ်(ခ) ဦးမြဝင်းနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ဦးတင့်ဝေ တို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ဦးအောင်ကြည်သိန်း အပြတ်အသတ်အနိုင်ရရှိခြင်း ဖြစ်သည်။

မဲဆန္ဒရှင် ဒေါ်မော်လီဝင်း က “ လယ်သမားတွေ နှစ်တိုင်းကြံုတွေ့နေတာကတော့ လယ်တွေ ရေနစ်မြုပ်တာပေါ့နော်၊ နောက် ကျေးရွာရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်သူကိုပဲ ကိုယ်စားလှယ်လောင်း ရွေးချယ်ထားတယ်” ဟုပြောသည်။

ချောင်းဆုံမြို့နယ် ၂၀၁၇ ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ ၁၂၆၂၂၅ ဦးရှိသည့်အနက် မဲပေးသူဦးရေ ၄၇၀၀၀ သာရှိကြောင်း  ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းအရ သိရသည်။

NLD ပါတီအနေဖြင့် ချောင်းဆုံမြို့နယ် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် မဲအရေအတွက် ၂၃၀၀၀ နီးပါးခန့်ဖြင့် အနိုင်ရရှိခဲ့သော်လည်း ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မဲအရေအတွက်တစ်သောင်းကျော်လျော့ကျပြီး မဲရှုံးရသည်ဟု စောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...