Miss Mon State အလှမယ်ရွေးချယ်ပွဲတွင် ဇင်ရတီလင်း သရဖူဆွတ်ခူး

Miss Mon State အလှမယ်ရွေးချယ်ပွဲတွင် ဇင်ရတီလင်း သရဖူဆွတ်ခူး
Miss Mon State ဇင်ရတီလင်း(ခေါ်) ဇင်မာဝင်း(Miss Mon State Facebook)
Miss Mon State ဇင်ရတီလင်း(ခေါ်) ဇင်မာဝင်း(Miss Mon State Facebook)
မွန်ပြည်နယ်အလှမယ် Miss Mon State 2016 ရွေးချယ်ပွဲကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ဇန်နဝါရီ (၂၆) ရက်နေ့ ညနေ (၆) နာရီအချိန်တွင် ကျင်းပခဲ့ရာ ကျိုက်ထိုမြို့သူ ဇင်ရတီလင်း(ခေါ်) ဇင်မာဝင်း သရဖူဆွတ်ခူးရရှိကြောင်း သိရသည်။

ဇင်ရတီလင်းက “ကိုယ့်နာမည်ကို ခေါ်မယ်လို့ လုံးဝမထင်ထားတဲ့အချိန်မှာ ကိုယ့်ကိုခေါ်လိုက်တော့ တစ်ချက် ကြောင်သွားတယ်၊ ပြီးမှ ကိုယ့်ကိုနာမည်ကို ခေါ်နေပါလားဆိုပြီး အရမ်းကိုပျော်သွားတယ်” ဟု Miss Mon State သရဖူဆုရရှိသူ ပြောသည်။

အဆိုပါပြိုင်ပွဲသို့ သူမအနေဖြင့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ကြိုးစားခဲ့သည့်ရလဒ်ဖြင့် ထိုက်တန်သည့်ဆုကို ရရှိသည့်အတွက် အလွန်ကျေနပ်မိသည်ဟုလည် သူမ ဆက်ပြောသည်။

Miss Mon State 2016 သရဖူဆုဆွတ်ခူးရရှိသူ  ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးတောင်ခြေ၊ ကင်ပွန်းစခန်းမှ အသက်၂၂ နှစ် မွန်-ဗမာတိုင်းရင်းသူလေး ဇင်ရတီလင်းသည် မကြာမီကျင်းပတော့မည့် ကမ္ဘာ့အလှမယ်ပြိုင်ပွဲများအတွက် နိုင်ငံကိုယ်စားပြုအလှမယ်များရွေးချယ်ပွဲကြီး Miss Golden Land Myanmar 2016 ပြိုင်ပွဲသို့ မွန်ပြည်နယ်ကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

ထို့အတူ Miss Golden Land Mon State 2016 တွင် 1st Runner Up ဆုကို လင်းလတ်အောင် နှင့် 2nd Runner Up ကို ရည်မွန်သန့် တို့အသီးသီး ဆွတ်ခူးရရှိသည်ဟု သိရသည်။

“အခုပြိုင်ပွဲကို သူငယ်ချင်းတစ်ယောက်ရဲ့ အဆက်သွယ်နဲ့ ပြိုင်ဖြစ်သွားတာပါ၊ နောက်ဒီခေါင်းစဉ်ကိုလည်း စိတ်ဝင်စားလို့ Miss Golden Land Mon State ဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်မွန်ကို နေရာပေးခဲ့သလို ကိုယ်ကလည်း မွန်တစ်ယောက်ဖြစ်တဲ့အတွက် ယှဉ်ပြိုင်ခဲ့တာပါ” ဟု Miss Golden Land Mon State ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သူရေးမြို့နယ်မှ သွယ်တာမြတ်နိုး ကပြောသည်။

၄င်းပြိုင်ပွဲကို မွန်ပြည်နယ်မှ အလှမယ် (၁၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် ရိုးရာဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်း၊ ညနေခင်းဝတ်စုံဖြင့်ယှဉ်ပြိုင်ခြင်း၊ ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်းစသည့် အစီအစဉ်များပါဝင်ခဲ့ပြီး တစ်ဦးချင်းစီ၏ စွမ်းရည်ပြခြင်း အစီအစဉ်များလည်း ပါဝင်သည်။

မွန်ပြည်နယ်ကိုယ်စားပြု Miss Mon State 2016 အလှမယ်ရွေးချယ်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သည့် အလှမယ် (၁၉) ဦးအနက် မော်လမြိုင်မြို့နယ် (၈) ဦး၊ ကျိုက်ထိုမြို့နယ်  (၄) ဦး၊ ရေးမြို့နယ်  (၃) ဦး၊ မုဒုံမြို့နယ် (၁) ဦး၊ ပေါင်မြို့နယ်  (၁) ဦး၊ ရန်ကုန် (၁) ဦး နှင့် ရှမ်းပြည်နယ် (၁) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အလားတူ ယမန်နှစ်တွင် မွန်ပြည်နယ်၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် Miss Universe Mawlamyine 2015 ပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နေ့ညက မော်လမြိုင်မြို့ရှိ Strand Hotel တွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ အလှမယ်၂၁ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သရဖူဆုကို အိဖြိုးသွယ်က ဆွတ်ခူးရရှိသွားခဲ့သည်ဟု သိရသည်။

April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...
ပုံ-Myanmar Red Cross Society
April 27, 2026
ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊...
ပုံ- တနင်္သာရီစစ်ဘေးရှောင်
April 25, 2026
စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည်...
April 25, 2026
မာံသဟာဲ (မင်းစဟိုင်း) — မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၊ ကမာမိုကျေးရွာတွင်...