ဖားအံစက်မှုဇုံတွင် နော်ဝေး၊ ထိုင်းနှင့် ပြည်နယ်ရာဘာအသင်းတို့ ပူးပေါင်းကာ ရာဘာသန့်စင်စက်ရုံ တည်ဆောက်မည်

ဖားအံစက်မှုဇုံတွင် နော်ဝေး၊ ထိုင်းနှင့် ပြည်နယ်ရာဘာအသင်းတို့ ပူးပေါင်းကာ ရာဘာသန့်စင်စက်ရုံ တည်ဆောက်မည်
by -
စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ဖားအံစက်မှုဇုံတွင် နော်ဝေနိုင်ငံ Nyor ကုမ္ပဏီ၊ ထိုင်းနိုင်ငံ Southland ကုမ္ပဏီနှင့် ပြည်နယ် ရာဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းကာ အဆင့်မြင့် ရာဘာသန့်စင်စက်ရုံတစ်ခုကို လာမည့်နှစ်ဆန်းပိုငး်တွင် ရင်းနှီးမြုပ်နှံ တည်ဆောက်သွားမည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးဝင်းလှိုင်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ရာဘာလုပ်ငန်းကဏ္ဍတိုးတက်အောင် ရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်တဲ့သဘောပါ။ စက်ရုံတည်ဆောက်လိုက်ရင် သတ်မှတ်တဲ့ အရည်အသွေးနဲ့ စျေးနှုန်းတခု တောင်သူအားလုံးသိပြီးတော့ ဝင်ငွေပိုရမယ်။ အစေးလှီးလုပ်သား၊ စက်ရုံလုပ်သား၊ ရာဘာကုန် သွယ်မှုလုပ်ငန်းမှာ ပါဝင်လာမဲ့သူတွေအတွက် အလုပ်အကိုင်အခွင့်လမ်းရမယ်။ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ပြဌာန်းထားတဲ့ ဥပ ဒေအတိုင်း ဆောင်ရွက်ပေးဖို့ပေါ့နော်။ ပြည်နယ်အနေနဲ့ လိုအပ်တာတွေ ကူညီပေးဖို့ ကနဦး ညှိနှိုင်းသဘောတူထားတယ်”ဟု အောက်တိုဘာ၂ဝရက်(ယနေ့)တွင် ပြောသည်။

အဆိုပါစက်ရုံကို ပြည်နယ်အတွင်း နိုင်ငံခြားသားများ ရင်းနှီးမြုပ်နှံခွင့်ပြုထားသည့် ဖားအံ စက်မှုဇုန်၊ ဇုန်(၂)တွင် စက်ရုံတည် ဆောက်သွားရန်ရှိပြီး ရင်းနှီးမြုပ်နှံသူများအနေဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် ပြည်နယ်အစိုးရက အသိပေးထားသည်ဟု ပြည်နယ်ဦးစီးမှူး၊ ဦးဝင်းလှိုင်ဦးက ဆက်ပြောသည်။

ကရင်ပြည်နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဒုဥက္ကဌ စောတင်မောင်စိန်ကလည်း “ဇန်နဝါရီလမှာ စက်ရုံစတည်မယ်။ မြေနေရာတွေ ရှာထားပြီး။ တရားဝင် အစိုးရအဖွဲ့နဲ့တော့ စာချုပ်မချုပ်ရသေးဘူးခင်ဗျာ။ အစိုးရအဖွဲ့နဲ့ စာချုပ်မချုပ်ခင် နိုဝင်ဘာ လမှာ ထိုင်းနိုင်ငံမှာ ဆောက်ထားတဲ့စက်ရုံပုံစံ သွားပြမယ်။ တနှစ်အတွင်း စက်ရုံအပြီး တည်ဆောက်သွားမယ်။ ပြည်နယ်အစိုးရ အဖွဲ့တွေနဲ့ တရားဝင် ဆွေးနွေးထားတယ်”ဟု ကေအိုင်စီသို့ ယနေ့ အတည်ပြု ပြောဆိုသည်။

ယင်းရာဘာသန့်စင်စက်ရုံကို နယ်သာလန်နည်းပညာဖြင့် တည်ဆောက်သွားမည်ဖြစ်သလို ရာဘာလုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမမှီသည့် ရာဘာထုတ်ကုန်များကြောင့် စျေးကောင်းမရသည့်အတွက် ရာဘာအရည်အသွေးမြှင့် နည်းပညာနှင့် စျေးကွက်တည်ငြိမ်မှုရှိစေရန် Rss3 Rss2 ရာဘာပြားများကို ထုတ်လုပ်မည်ဖြစ်သည်။ ထို့အပြင် အရည်အသွေး မပြည့်မှီသည့် ရာဘာပြားများကို စျေးကောင်းပေးဝယ်သွားမည်ဖြစ်ကြောင်း ရာဘာအရည်အသွေးမြှင့်သည့် နည်းပညာများကိုလည်း ပြည်နယ် တစ်ခုလုံး ဖြန့်ဖြုးဆောင်ရွက်ပေးသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိ ရာဘာစျေးကွက်မှာ အထူပြားတစ်ပေါင်လျှင် ၆၁ဝကျပ်၊ အချောပြား ၈၃ဝကျပ်ခန့် စျေးရှိပြီး စက်တင်ဘာလတွင် ကမ္ဘာ့ ရာဘာပေါက်စျေး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၉ဝဝ ဝန်းကျင်ရှိပြီး ပြည်တွင်းရာဘာစျေး တစ်ပေါင်လျှင် ၉၄ဝကျပ်၊ အထူပြား တစ်ပေါင်လျှင် ရဝဝကျပ် ဝန်းကျင်ရှိကြောင်း ဒေသတွင်းရှိ ရာဘာအဝယ်ဒိုင်များထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြိုနယ်မှ ရာဘာစိုက်တောင်သူ စောအဇင်က “အရည်အသွေးနည်းပညာရော စျေးနှုန်းပါ ထိန်းပေးနိုင်မယ်ဆို တောင်သူတွေ စျေးနှိမ်မခံရတော့ဘူးပေါ့။ လက်ရှိကာလက ရာဘာအထူပြားရော၊ အချောပြားရော စျေးနှုန်းသိပ်မဟထားတော့ အများစုက ငွေအရင်ပေါ်မြန်တဲ့ အထူပြားကိုပဲ ထုတ်တာများတယ်။ အရည်အသွေးမှီထုတ်လုပ်နိုင်ဖို့က ရာဘာကြိတ်စက်၊ သုံးမဲ့ အက်စစ်၊ သိုလှောင်ရုံတွေ ရင်းနှီးဖို့ ငွေကြေးအခက်ခဲရှိတယ်”ဟု ကေအိုင်စီ သို့ပြောသည်။

ရာဘာစျေးနှုန်းနှင့် အရည်အသွေး ထိန်းချုပ်နိုင်ရန် ရာဘာဗဟိုစျေးကွက်တစ်ခုကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ရာဘာဥပဒေတစ်ခု ပေါ်ထွက်လာရန်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ရေးဆွဲ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရာဘာလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံတွင် ရာဘာစိုက်ဧက ၁သန်း ၆သိန်းကျော်အနက် ဧက ရသိန်းမှာ အစေးလှီးထုတ်လုပ်နေပြီး ကရင်ပြည်နယ်အတွင်း စိုက်ဧက ၁သိန်း ရသောင်း ဝန်းကျင်ရှိပြီး ဧက ၁သိန်း ၂သောင်း အစေးထုတ်လုပ်နိုင်ကာ ပြည်တွင်းရာဘာထုတ်ကုန် ၉၂ရာခိုင် နှုန်းကို ပြည်ပသို့ တင်ပို့လျှက်ရှိသည်ဟု ရာဘာလုပ်ငန်းရှင်များအသင်း၏ စာရင်းများအရ သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...