ကရင်ပြည်နယ်တွင် အင်ဖက်မိုးများ ရောင်းအားမြှင့်တက်လျှက်ရှိ

ကရင်ပြည်နယ်တွင် အင်ဖက်မိုးများ ရောင်းအားမြှင့်တက်လျှက်ရှိ
by -
ကေအိုင်စီ
ကရင်ပြည်နယ်၏ ထွက်ကုန်တစ်ခုဖြစ်သည့် အင်ဖက်မိုး ရောင်းဝယ်ရေးလုပ်ငန်းမှာ မှေးမှိန်သွားခြင်းမရှိသေးပဲ တစ်နှစ် ထက်တစ်နှစ် ရောင်းအားမြှင်တက်မှုများရှိလာကြောင်း ကရင်ပြည်နယ် ဖားအံမြို့ရှိ အင်ဖက်မိုးရောင်း ၀ယ်ရေး လုပ်ငန်းလုပ်နေသူများထံမှ သိရသည်။

ဖားအံမြို့ ကမ်းနားလမ်းရှိ အကြီးဆုံးအင်ဖက်မိုးရောင်းဝယ်ရေးဆိုင်တစ်ခုဖြစ်သည့် ကြံ့ကြံ့ခိုင်ဆိုင်မှ ဦးချစ်လွင် က “ ဦးတို့ က ဖားအံမြို့အပြင် ဖားအံအနီးအနားတစ်ဝိုက်က ရွာတွေအထိဖြန့်တယ်။ ပြီးခဲ့တဲ့ ၅နှစ်တာကာ လကနေစပြီး ဖက်ရောင်းအားက မလျော့တဲ့အပြင် တိုးလာတယ်။ အရင်က မိုးတွင်းဆို မရောင်းရတော့ဘူး။ အခု နှစ်ပိုင်းတွေ ကျတော့ မိုးတွင်းကာလလည်း ဆက်ရောင်းနေရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ခေတ်ကာလအရ သွပ်နှင့်အခြားအိမ်သုံးအမိုးပစ္စည်းများကို ကရင်ပြည်နယ်အတွင်း အစားထိုးသုံးစွဲမှုရှိလာ   သော်လည်း အင်ဖက်ကို ဆက်လက် အသုံးပြုသူများ ရှိနေဆဲဖြစ်သည့်အပြင် အခြားအကြောင်းရင်းတစ် ရပ်အနေဖြင့်ပြည်နယ်အတွင်း ယာယီရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူများ များပြားလာခြင်းကြောင့်ဖြစ်ကြောင်း လည်း သုံးသပ် ပြောဆိုမှုများရှိသည်။

“ဒီနယ်တစ်ခွင်မှာက သိပ်မတတ်နိုင်ကြတဲ့သူတွေ များတယ်။ အဲဒီတော့ ဖက်ကလေးဝါးကလေးနဲ့ပဲဆောက် ကြတယ်။ တတ်နိုင်တဲ့သူတွေကတော့ တစ်မျိုးပေါ့။ ဆောက်ရေးလုပ်ငန်းတွေမှာ လိုင်းခန်းဆောက်ရင်အများ ဆုံးသုံးကြတယ်။ ပြီးတော့ အခုနှစ်ပိုင်းအတွင်းက အခြားနယ်တွေကနေ ဒီမှာလာအလုပ်လုပ် တဲ့သူတွေများ လာတော့ သူတို့က ဒီဖက်တွေ ၀ါးတွေနဲ့ ပဲ ယာယီနေဖို့ အတွက် ဆောက်တာ တွေများလာတာကြောင့်ဖြစ် နိုင်တယ်” ဟုဦးချစ်လွင်ကသုံးသပ်ပြောဆိုသည်။

မိုးဦးကျခါနီး ယခုကာလမှာ ဖက်ရောင်းအား အကောင်းဆုံးအချိန်ဖြစ်သည့်အတွက် စျေးနှုန်းအနည်းငယမြှင့် တက်မှုများရှိလာပြီး ကရင်ပြည်နယ်မှ ဖက်များအပြင် မွန်ပြည်နယ်ရှိ ဘီးလင်းဘက်မှ တင်ပို့လာသည့်တောင် ထန်းနှင့် ၀ါးများမှာလည်း ရောင်းအားမြှင့်တက်လာလျှက်ရှိကြောင်းလည်း သိရသည်။

ကရင်ပြည်နယ်အတွင်း ဖက်အများဆုံးထွက်သည့် ဒေသမှာလှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေပူရွာ၊ မြိုင်ကြီးငူဒေသရှိ နောင်ကမြိုင်ရွာနှင့် တခင်းလုံရွာတို့ဖြစ်ပြီး ရောင်းအားမြှင့်တက်လာသည့်နှင့်အမျှ အရွယ်အစားနှင့် အရည် အ သွေးပေါ်မူတည်၍ လက်ရှိစျေး နှုန်းများအရ အင်ဖက်တစ်ရာစည်း တစ်စည်းလျှင် ကျပ် ၁၂,၀၀၀ မှ ၁၃,၅၀၀ အ ထိရှိကြောင်း သိရသည်။

ဖားအံမြို့ ထောင်ဝိ ၈ ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက “အရင်က အင်ဖက်နဲ့မိုးရင် အနည်းဆုံး ၂ နှစ်လောက်ခံ တယ်။ အခုနောက်ပိုင်းအင်ဖက်တွေက နုတော့တစ်နှစ်လောက်ဆို ပြန်မိုးရပြန်ကော။ အင်ဖက်က တခြားထက် စျေးတော်တယ်။ အေးလည်းအေးတယ်။ အဲဒါပဲမိုးကြတယ်။ အခုကတော့ အိမ်တွေဘာတွေ တစ်ချို့သိပ်မမိုးကြတော့ဘူး”ဟုပြောသည်။

အင်ဖက်မိုးပြုလုပ်သည့် လုပ်ငန်းမှာ ကရင်ပြည်နယ်အတွင်း ကျေးလက်နေထိုင်သူများ၏ ရာသီအလိုက် အဓိက အသက်မွေးဝမ်းကျောင်းပြုလုပ်သည့်လုပ်ငန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အင်ဖက်ရွက်များ တဖြည်းဖြည်း ရှားလာသည့်အတွက် အင်ဖက်မိုးစျေးနှုန်းများမှာလည်း တစ်နှစ်ထက် တစ်နှစ်မြှင့်တက် လာနိုင်ဖွယ်ရှိကြောင်း အင်ဖက်မိုးရောင်းဝယ်သူများထံမှ သိရသည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...