ကရင်အမျိုးသားကျေးရွာဟုခေါ်တွင်သည့် ရိုးမဟာကုန်းတွင် နေထိုင်သူကရင့်ကိုယ်တော်လေးဖိုးတခေတ်(ခ) စောကျော်လှသန်း၏ မွေးနေ့ပွဲတော်ကို ဆရာတော်ကြီးများ၏ သြဝါဒခံယူကာ ဒေသတွင်းထူးခြားစွာ နှစ်စဉ် ကျင်းပမြဲဖြစ်ပြီးယခုနှစ်တွင် ဖိုးတခေတ်နှင့် တပည့်သာဝကများ စုပေါင်းတည်ထားသောနေလဘုရား ရုပ်ပွားတော်ကြီး အနေကဇာတင်ပွဲနှင့်ပါ တစ်ဆက်တည်းကျင်းပမည်ဖြစ်သည်။
ဖိုးတခေတ်၏ တပည့်တစ်ဦးဖြစ်သူဖိုးကျော်အဲ့က“နှစ်စဉ် ရိုးရာထမုတ်ဆွမ်းကပ်ဖို့ အဓိဋ္ဌာန်ထားတာနဲ့ အဖိုးအဖြစ်သတ်မှတ်ပူဇော်ဖို့ ရှေးလူကြီးတွေ သတ်မှတ်ထားတဲ့ အချိန်အခါကိုယူပြီး နှစ်စဉ်မွေးနေ့ပွဲတွေကိုကျင်းပနေတာဖြစ်ပါတယ်။ဖိုးတခေတ်ကို ဒီဒေသအပြင်မှာတော့ ပုံစံအမျိုးမျိုးတော့ မြင်ကြပြောကြတာတော့ရှိတယ်။ ကရင့်ရိုးရာဓလေ့တွေ ထိန်းသိမ်းပြီး ဘယ်လိုနေထိုင်ကြတယ်ဆိုတာ ပွဲတော်ရက်တွေတင်မက တခြားအချိန်တွေလည်းလာရောက် လေ့လာစေချင်ပါတယ်”ဟုပြောသည်။

၎င်းအပြင်မွေးနေ့ပွဲတော်ကိုကျင်းပရာတွင် အနယ်နယ်အရပ်ရပ်မှလှူဒါန်းသည့်ငွေများ၊ နိုင်ငံရပ်ခြားရောက်ရှိနေကြသည့် ကရင်လူမျိုး တပည့်များ၏လှူဒါန်းငွေ၊ ဒေသတွင်းလှည့်လည်အလှူ ခံရရှိသည့်ငွေများ၊ ယုံကြည်သူများမှလှူဒါန်းသည့်ငွေများ၊ ရော်ဘာနှင့်ကောက်ပဲသီးနှံရောင်းရငွေများဖြင့် နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပ ခြင်းဖြစ်သည်ဟုလည်းသိရသည်။
ဖိုးတခေတ်၏ မွေးနေ့ပွဲကိုဒီဇင်ဘာလ ၁၆ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး ရိုးရာထမုတ်စင်ဆွမ်းတော် ကြီးတင်လှူခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဆိတ် ၊ ဆတ်၊ ကျား ၊ နဂါး ၊မိချောင်း၊ မကန်း အရုပ်များဖြင့် ဝေါယာဉ် များကိုတန်ဆာဆင်ယင်ပြီး ရိုးရာထမုတ်စင်ကို လှည့်လည်ပူဇော်ခြင်းဆရာတော် သံဃာတော်များအားလှူဖွယ်များဆက်ကပ်လှူဒါန်းပြီးရေစက်ချ တရားနာယူခြင်းများဖြင့် ကျင်းပမည်ဖြစ်သည်။
ထို့အပြင်တပည့်သာဝကပရိတ်ဿတ်များကို ရိုးရာအစဉ်အလာယဉ်ကျေးမှုများထိန်းသိမ်းကြရန် တရားဟောကြားခြင်းမီရှူးမီးပန်း၊ မီးပုံးပျံများလွှတ်တင်ခြင်း၊ စတုဒီသာကျွေးမွေးဧည့်ခံခြင်း၊ ရိုးရာလက်ဝှေ့ပွဲများ၊ဘောလုံးပြိုင်ပွဲများအပြင် ကရင်ဇာတ်သဘင်၊ မြန်မာဇာတ်သဘင် စင် ၄စင်ဖြင့် ညစဉ် ဖျော်ဖြေတင်ဆက်လျှက်ရှိပြီးနတ်တော် လပြည့် ၁၄ရက်နေ့တွင် နေလဘုရားရုပ်ပွားတော် အားအနေကဇာတင်ပွဲကျင်းပမည်ဟုသိရသည်။
ဖိုးတခေတ်နှင့်အတူကရင်အမျိုးသားကျေးရွာတွင် နေထိုင်သူများ၏ ရိုးရာဝတ်စားဆင်ယင်မှု များဖြင့်သာနေထိုင်သွားလာခြင်း၊ရာသက်ပန်အရက်သေစာသောက်သုံးခြင်းမှရှောင်ကျဉ်ရခြင်းနှင့် သက်သတ်လွတ်စားသုံးရခြင်း၊ ရိုးရာအနုသုခုမစာပေ တို့ကိုထိန်းသိမ်း ကာ စုဖွဲ့နေထိုင်မှုများအပြင် ဖိုးတခေတ်၏ ထူးခြားသည့် ပွဲတော်ကျင်းပမှု၊ ၀တ်စားဆင်ယင်မှုများအပေါ် အချို့ကဝေဖန် ပြောဆိုမှုများရှိနေဆဲပင်ဖြစ်သည်။
မွေးနေ့အလှူသို့ ကြွရောက်လာသည့်သာမညတောင်မှ ဆရာတော် ဥူး (ဦး)တိလောက“သူတို့ အယူအဆနဲ့ သူသက်သတ်လွတ်စားတယ်။ ဘုရားဟောအဆုံးအမတွေနဲ့အညီနေထိုင်တယ်။ ရိုးရာကိုထိန်းတယ်။ဒါကြောင့်သူ့ သာသနာနယ်မြေမှာသူ့ရဲ့ကျင့်စဉ်တွေ ဓလေ့အယူ အဆတွေ မှန်မယ်ဆိုရင် သူလည်းအောင်မြင်ပွင့်ထွန်းလာမှာပေါ့။ မမှန်ဘူဆိုရင်လည်းဆုတ်ယုတ်သွားမှာပါ ”ဟုဆရာတော်ကမိန့်ကြားသည်။
ဖိုးတခေတ်နေထိုင်သည့် အဆိုပါ ကရင်အမျိုးသားကျေးရွာတွင်ယခုအခါ စုပေါင်းနေထိုင်သူအိမ်ထောင်စု ၂၀၀ဝန်းကျင်ခန့်နှင့် လူဦးရေစုစုပေါင်း ရ၀၀ကျော် နေထိုင်ကြပြီးရော်ဘာခြံစိုက်ပျိုးခြင်း၊ ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်ရာသီပေါ် အသီးအနှံများစိုက်ပျိုး ကာစုပေါင်းနေထိုင်ကြကြောင်း သိရသည်။







