မြန်မာစစ်တပ်မှ မုံးကိုးမြို့ကို မီးရှို့ ဖျက်ဆီးဟုဆို

မြန်မာစစ်တပ်မှ မုံးကိုးမြို့ကို မီးရှို့ ဖျက်ဆီးဟုဆို
by -
ကေအဲန်ဂျီ
မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များ ရှမ်းပြည်မြောက်ပိုင်း မုံးကိုမြို့မှ တနင်္ဂနွေနေ့ ည ဆုတ်ခွာပေးပြီးနောက် မြန်မာစစ်တပ်က ဒေသခံများ၏ နေအိမ်များ နှင့် အနီး လယ်ထဲရှိ ကောက်ပုံများကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများကပြောကြားသည်။

ယမန်နေ့ ညနေပိုင်း မုံးကိုးမြို့၊ အမှတ် ၅ ရပ်ကွက်ဘက်မှ စပြီး အစိုးရတပ်မတော်သားများက မုံးကိုးမြို့ နေအိမ်များကို စတင် မီးရှို့ခဲ့ကြောင်း မန်ဟိုင်းရှိ ကချင်သတင်းဌာန KNG သတင်းထောက် က အတည်ပြု ပြောဆိုသည်။

ယနေ့ မနက်ပိုင်းမှာတော့ လယ်တောရှိ ကောက်ရိတ်ထားပြီးသား ကောက်ပုံများကို လိုက်လံမီးရှို့နေသည်ကို ထပ်မံ တွေ့နေရပါသည်။

အစိုးရ တပ်နှင့် ၂ ပတ်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့သည့် မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များသည် ဒီဇင်ဘာ ၂ ရက်နေ့ မုံးကိုး အစိုးရ စစ်ဗျူဟာကုန်းကို ရှင်းလင်းနိုင်ပြီးနောက် ဒီဇင်ဘာ ၄ ရက်ညမှာ မုံးကိုး ဒေသမှ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သောကြာနေ့ ဗျူဟာကုန်းမှ ထွက်ပြေးသွားသော မြန်မာ စစ်သားများနှင့် ထပ်မံရောက်ရှိလာသော စစ်ကြောင်း များ ပူးပေါင်းကာ မုံးကို မြို့တွင် ပြန်လည် ဝင်ရောက်နေပြီ ကြောင်း ထပ်မံ သိရသည်။

၂ ပတ်ကြာ တပ်မတော်၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မုံးကိုး မြို့နေအိမ် အများအပြား ပျက်ဆီးပြီး တပ်မတော် စစ်ကြောင်းက ဒေသခံများ၏ နေအိမ် နှင့် ကောက်ပုံများကို ထပ်မံ မီးရှို့ ဖျက်ဆီး နေတာကို တွေ့ရသည်။

မုံးကိုးမြို့ တစ်ခုလုံးနီးပါး ပျက်စီးသွားသည့် အခြေအနေရှိနေပြီဟု KNG သတင်းထောက်က ဆိုပါသည်။

ဒေသခံများ မန်ဟိုင်း တရုတ်အစိုးရ၏ စစ်ပြေးရှောင်စခန်းများတွင် ရှိနေဆဲ ဖြစ်သည်။

မုံးကိုးမြို့မှ ဆုတ်ခွာသွားသော Northern Alliance-Burma တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ပေါင်းစု အဖွဲ့များ ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအောင်းလွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA နှင့် ရက္ခိုင်တပ်မတော် AA တို့ ဒီဇင်ဘာ ၄ ရက်နေ့မှာ အစိုးရကို အပစ်ရပ်ကြေငြာပေးရန် တောင်းဆိုသည့် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...