အစိုးရတပ် ရမ်းသန်းပစ်ခတ် မှုကြောင့် ကချင် ရွာသား တစ်ဦး ဒဏ်ရာ ပြင်းထန်

အစိုးရတပ် ရမ်းသန်းပစ်ခတ် မှုကြောင့် ကချင် ရွာသား တစ်ဦး ဒဏ်ရာ ပြင်းထန်
by -
ကေအဲန်ဂျီ
 သေနတ် ထိမှန်သော ဦးဇိန်ဟန်ဘောက် Slg. Zinghang Bawk ကို တွေ့ရစဉ်
သေနတ် ထိမှန်သော ဦးဇိန်ဟန်ဘောက် Slg. Zinghang Bawk ကို တွေ့ရစဉ်
မြန်မာ အစိုးရ စစ်သားများ ၏ ရမ်းသန်း ပစ်ခတ် မှုကြောင့် ဝိုင်းမော် မြို့နယ် ရွှေညောင်ပင် ကျေးရွာ အုပ်စု ဒေသခံ ကချင် ရွာသား တစ်ဦး သေနတ် ကျည် ထိမှန်ပြီး ဦးခေါင်းတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိမှုတစ်ခု ယမန်နေ့ အောက်တိုဘာ ၁၉ ရက် က ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ် ရွှေညောင်ပင် အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပလ) လက်အောက် ခမရ ၃၂၁ တပ်စခန်း အလွန် တွင် ဗုံး ၂ လုံး ပေါက်ကွဲ အပြီး ဗုံးပေါက်ကွဲရာ နေရာ နှင့် အလွန် ကွာဝေးသည့် ဘရီဘရာ ရွာ မှ လူ နေအိမ်များကို စစ်သားများက သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ် ရာမှ ယခုကဲ့သို့ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

သေနတ် ထိမှန် သူမှာ အသက် ရ၂ နှစ် Slg.Zinghang Bawk (ဦး ဇိန်ဟန်ဘောက်) ဖြစ်ပြီး သူ၏ အောက် မဲရိုး နှင့် ညာဘက် နားထင်မှာ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှု ဖြစ်ချိန်တွင် အနီးအနားတဝိုက်၌ အစိုးရ စစ်သားများကိုသာ တွေ့ရပြီး အခြားလက်နက်ကိုင်ထားသူများကိုမတွေ့ရကြောင်း  သားဖြစ်သူ Slg. Tang Mai (ဦးတန်မိုင်) က ပြောသည်။

“မြန်မာ စစ်တပ်ကိုပဲ တွေ့ရတယ်။ ဒီကနေ ကား ၂စီးနဲ့ ဘုန်းကြီးကျောင်းနားမှာ ရပ်ထားတယ်။ အဲကနေ ဒီဘက် တစ်လျှောက်ကို ရမ်းပစ်တာ” ၎င်းကဆိုသည်။

လက်ရှိ ဒဏ်ရာ ပြင်းထန်နေသည့် Slg. Zinghang Bawk (ဦး ဇိန်ဟန် ဘောက်) ကို မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ကုတင် ၃၀၀ စစ်ဆေးရုံးမှာ ဆေးကုသပေးနေကြောင်း သိရသည်။

ဦးခေါင်းနှင့် လည်ပင်းနားမှ ကျည် ၂ ခုကိုလည်း ထုတ်လိုက်နိုင်ပြီဖြစ်ကြောင်း မိသားစုဝင်များကို အကြောင်းကြားရာမှ သိရသည်။

ယခု ပစ်ခတ်မှုဖြစ်ပွားခဲ့သော နေရာ တစ်ဝိုက် တပ်မတော် စစ်မှုထမ်းဟောင်း နေအိမ်များ ရှိသော်လည်း ဒေသခံ ကချင်နေအိမ်များ ဘက်ကိုသာ စစ်သားများ ပစ်ရမ်းခဲ့သည်ဟု Slg. Tang Mai (ဦး တန်မို်င်) က ပြောဆိုသည်။

ရွှေညောင်ပင် ကျေးရွာသည် လက်ရှိ တပ်မတော် ၂ လ ကျော် ထိုးစစ်ဆင်နေသော ကချင် လွတ်လပ်ရေး တပ်မတော် KIA ဗဟိုဌာနချုပ် လုံခြံုရေးအတွက် မဟာဗျူဟာအရ အရေးပါသည့် KIA တပ်ရင်း (၃) Lai Hpawng Bum နှင့် KIA လှုပ်ရှားတပ်ဖွဲ့ DND တပ်ရင်း ၂၅၂ Nhkram Bum အမာခံ စခန်းဘက်ကို သွားရာ အဓိက လမ်းဖြစ်သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...