တပ်မတော် ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ အရှေ့ဘက် Dabak Hka ချောင်းဖြားရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA အမာခံ စခန်း Lai Hpawng Bum နှင့် Nhkram Bum ကို ယနေ့ ဗုံးကြဲတိုက်ခိုက် ဟု KIA ဘက်က ပြောလိုက်သည်။
KIA လှုပ်ရှားတပ်ရင်း DND ၂၅၂ NHkram Bum နှင့် Lai Hpawng Bum တောင် စခန်းများကို အစိုးရတပ်က သြဂုတ်လ မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ယနေ့ မှာ အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်ပွားနေသည်ဟု Laiza (လိုင်ဇာ) ဗဟိုဌာနချုပ် KIO သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က ပြောသည်။
“ဒီနေ့ မနက် ၈ နာရီကျော်ကနေ ၉ နာရီကျော်အထိ ၁ နာရီကြာ ဂျက်လေယာဉ် ၄ စီး နှင့် လာပစ်တယ်။ ပြီးတော့ နောက်ထပ် ၂ စီးထပ်လာတယ်လို့ ပြောတယ်။ မြေပြင်တပ်တွေလည်း ပါတယ်လို့ပြောတယ်။ လေယာဉ် ၄ စီးနဲ့ လာပစ်တယ်ဆိုတော့ အပြင်းထန်ဆုံးလို့ ပြောနိုင်တယ်။ ဒီနေ့က အဲဒီနေရာ နှစ်ဖက်တပ်တိုက်ပွဲဖြစ်နေတာရက် ၅၀ ပြည့်နေ့လည်း ဖြစ်တယ်။”၎င်းကဆိုသည်။
ယင်း တိုက်ပွဲတွင် အစိုးရဘက် မြေပြင်တပ် အင်အား ၁၀၀၀ကျော် အပြင် လက်နက်ကြီး နှင့် ပြည်သူ့စစ်အဖွဲ့များကိုပါ အသုံးချပြီး ထိုးစစ်ဆင် နေကြောင်း ဒုဗိုလ်မှုးကြီးနော်ဘူက ပြောသည်။
သို့သော်လည်း အစိုးရ တပ်မတော်ပိုင် သတင်းတွင် မူ ‘ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများ နယ်မြေလုံခြံုရေးဆောင်ရွက်’ ကြောင်း ကိုသာ ဖော်ပြထားပြီး တိုက် လေယာဉ် နှင့် တိုက်ခိုက်နေသည်ကို ဖော်ပြထားခြင်း မရှိသေးပါ။
၎င်းအပြင် ယနေ့ မနက်ပိုင်းက ကချင်ပြည်နယ်တောင်ပိုင်း မံစီမြို့နယ်မှာလည်း အစိုးရနှင့် KIA နှစ်ဖက်တပ်ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ဖားကန့်မှ မိုးကောင်းလမ်းပိုင်းမှာလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောပါသည်။
‘မြန်မာ့တပ်မတော် ထိုးစစ်ရပ်တန့်ပေးရေး’ ပြည်သူ ၂ သောင်းကျော် စက်တင်ဘာလ ၆ နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆန္ဒပြခဲ့ကြပြီး တနိုင်းမြို့တွင်လည်း ပြီးခဲ့သည့် တနင်္လာနေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။







