ဒေသခံများက စီမံကိန်းနှင့် ပတ်သက်ပြီး မြို့နယ် တာဝန်ရှိရွေးကောက်ခံ ကိုယ်စားများအား ပြောဆို တောင်းဆိုခဲ့သည့်အပြင် လွန်ခဲ့သည့်အပတ် စက်တင်ဘာ ၂၂ မှ ၂၃ နှစ်ရက် အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီး နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော် ထံ တိုက်ရိုက် စာရေး တောင်းဆို ရခြင်း ဖြစ်သည်ဟု ပြောပါသည်။
ရေအားလျှပ်စစ် မီမံကိန်းများမှာ ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် အကယ်၍ ခွင့်ပြုလိုက်ပါက တည်ဆောက်မည့် တရုတ်ကုမ္ပဏီများက ရေကာတာ စီမံကိန်းမက ဌာနေ လော်ဝေါ်၊ လချိဒ်၊ ငေါ့ချမ်း နှင့် လီဆူ မျိုးနွယ်စုများ ၏ ဓလေ့ထုံးတမ်းနှင့် တခြား သယံဇာတများကိုပါ ထုတ်ယူ ပျက်စီး သွားမည့် အခြေအနေ ရှိသည်ဟု ချီဖွေ ရပ်မိရပ်ဖ ဦးလချိဒ် လွမ်းဇောင်း က ပြောသည်။
“အဲဒီ ရေကာတာ စီမံကိန်း တင် မကဘူး သူတို့ ကုမ္ပဏီတွေက အဲဒါကို အကြောင်းပြပြီး ရွှေတူး၊ သစ်ထုတ် အကုန်လုပ်လာမှာပဲ စီမံကိန်းခွင့်ပြုလိုက်ချိန်မှ အဲဒါတွေ မလုပ်နဲ့လို့ ပြောလည်း ရမှာ မဟုတ်တော့ဘူး။ ပြီးတော့ သူတို့က လူများတဲ့အတွက် လူမှုရေး ပြဿ နာတွေ ကြံုလာမယ်။ အထူးသဖြင့် က သူတို့နှင့်အတူ မူးယစ်ဆေးဝါး ပါလာမယ်”၎င်းကဆိုသည်။
ယင်း စီမံကိန်းများသည် ဆော့လော်မြို့နယ် မေခမြစ် (N’mai Hka) နှင့် ငေါ့ချမ်းခ ချောင်းရိုးတလျှောက် ဌာနေ ဒေသခံပြည်သူ သုံးသောင်းကျော် ၏ ခေတ်အဆက်အဆက် နေထိုင်လာသည့် အမွေအနှစ်များကို ပျောက်ဆုံး စေမှာ ဖြစ်သကဲ့သို့ လုပ်ကိုင်စားသောက်ရေးကို လည်း ခက်ခဲသွားစေမည် ဖြစ်သည်။
စစ်အစိုးရ လက်ထက် ၂၀၀၆ ခုနှစ် က စပြီး ဧရာဝတီ မြစ်ဆုံ၊ မေခမြစ်နှင့် မလိခမြစ် တွင် ရေကာတာ ရ ခုနှင့် ငေါ့ချမ်းခချောင်းတွင် ရေကာတာ စီမံကိန်း ၄ ခု တည်ဆောက်ရန် တရုတ်အစိုးရနှင့် သဘောတူထားခဲ့ကြသည်။
၂၀၁၁ သမ္မတ ဟောင်း ဦးသိန်းစိန် လက်ထက် စီမံကိန်းကို တပြည်လုံး ကန့်ကွက်ခဲ့တာကြောင့် ယာယီ ရပ်တန့်စေခဲ့သော်လည်း ယခု နှစ် အမျိုးသားဒီမိုကရေစီ အဖွဲဲ့ NLD အစိုးရ လက်ထက်မှာ တရုတ်နိုင်ငံကစီမံကိန်း ပြန်လည် စတင်လိုကြောင်း ပြောလာခြင်း ဖြစ်သည်။
NLD အစိုးရ ဖွဲ့စည်းလိုက်သော ဧရာဝတီ မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေကာတာ စီမံကိန်း ဆက်လက် တည်ဆောက်ရန် သင့်မသင့် လေ့လာစူးစမ်းရေးကော်မရှင် မှ ယခုလ စက်တင်ဘာ ၁၆-၁၇ တွင် စီမံကိန်း တည်နေရာများသို့ သွားရောက်ခဲ့ပါသည်။
ထိုအချိန် ချီဖွေ ဆော့လော် စီမံကိန်း ဒေသခံများအနေဖြင့် ကော်မရှင်အဖွဲ့ နှင့် တွေ့ဆုံခွင့် မရှိသည့်အပြင် ကော်မရှင်ဘက်မှလည်း တစုံတရာ ထုတ်ဖော်ပြောကြား ဖြေရှင်း ခြင်းမျိုး မရှိခဲ့သည့်အတွက် ၄င်း ဒေသခံများ ပိုမို
စိုးရိမ်လာရကြောင်း ပြောနေကြသည်။
ထို့အပြင် တိုင်းရင်းသား နယ်မြေများတွင် ဖြစ်ပွားနေသော ပြဿ နာများကို နိုင်ငံရေးနည်းလမ်းအားဖြင့် မဖြေရှင်းနိုင်သေးသမျှ ကာလ ဧရာဝတီ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ငေါ့ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းများအားလုံးကို ရပ်တန့်ထားရန် စသည်တို့ကို ချီဖွေ၊ ဆော့လော် ဒေသခံ ပြည်သူများ က နိုင်ငံတော် သမ္မတ ထံ တောင်းဆိုခဲ့ကြပါသည်။







