စက်တင်ဘာ ၃ ရက် နေ့မှစ၍ နေ့စဉ် အဖွဲ့လိုက် ၀င်လာသော အရပ်ဝတ်နှင့် မြန်မာ စစ်သား ယခုချိန် အင်အား ၃၀၀ ခန့် ရှိနိုင်ကြောင်း နယ်စပ် စစ်ရေး လေ့လာသူများ ခန့်မှန်းထားပါသည်။
အရပ်ဝတ်နှင့် စစ်သားများသည် ဂျေခေါင် (Jiegao) တရုတ် နယ်စပ် ဂိတ်တွင်တခါသုံး နိုင်ငံကူး လက်မှတ်များ ပြုလုပ်ပြီး တရုတ်ဘက်ခြမ်း ၀င်လာခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသူ တရုတ်နယ်စပ်အခြေစိုက် စစ်ရေး လေ့လာသူ တဦး ကချင် သတင်း ဌာန KNG ကို ပြောပါသည်။
၎င်း အရပ် ၀တ်နှင့် မြန်မာ စစ်သားများသည် တရုတ် နယ်စပ် အနီး KIO ဗဟိုဌာနချုပ် Laiza (လိုင်ဇာ)၊ Laisin Bum (လိုင်စင်) နှင့် KIA တပ်မဟာ ၃ ဌာနချုပ် Mai Ja Yang (မိုင်ဂျာယန်) များနှင့် နီးသော နယ်စပ်မြို့ Longchuan နှင့် Yingjiang ဘက်ကို ဦးတည်သွားကြောင်း သိရသော်လည်း ယခု သတင်းပျောက်နေကြောင်း ၎င်း က ဆက်လက်ပြောဆိုသည်။
ကချင် လွတ်လပ်ရေး တပ်မတော် KIA ဘက်မှလည်း “မြန်မာ စစ်သားများ အရပ်ဝတ်နှင့် တရုတ်ဘက်ခြမ်း ၀င်လာသည့် သတင်း ကြားသိရကြောင်း” Laiza ဗဟိုဌာနချုပ်မှ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန် ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ က ကချင် သတင်း ဌာန KNG ကို အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လမှ ကန်ပိုင်တီလမ်း ဘက်မှာလည်း အစိုးရတပ်နှင့် KIA တပ်ဖွဲ့များ ကြား စစ်ရေး တင်းမာ လာပြီးနောက် တရုတ်တပ်ဖွဲ့များကို နယ်စပ်တွင် ချထားလာပါသည်။
Laiza အထက် ယခင် KIO ဗဟို ဌာနချုပ် Nahpaw-Pajau Bum အား အစိုးရတပ်မှ ၁၉၈၇ ခုနှစ် က တိုက်ခိုက် သိမ်းပိုက်စဉ်ကလည်း တပ်မတော် စစ်ကြောင်းများ တရုတ် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု KIA အရာရှိများ ဆိုပါသည်။
နယ်စပ် ဖမ်းဆီး စစ်ဆေးမှု တိုးမြှင့်
ကချင် ပြည်နယ်နှင့် ရှမ်း ပြည်နယ် နှင့်ထိစပ်နေသော တရုတ် နယ်စပ်ဘက် အတွင်း ကချင်နှင့် ဒေသခံ တိုင်းရင်းများသည် တရုတ် ရဲများ၏ ပစ်မှတ်ထား ဖမ်းဆီး စစ်ဆေးမှုများ ခံနေရကြောင်း နယ်စပ် ခရီးသွားများ ဆိုပါသည်။
နယ်စပ် တရုတ် ရဲများ ပုံမှန်လုပ်နေကျ ‘မူးယစ် မသင်္ကာ သူများကို ဖမ်းဆီးပြီး ဆီးစစ်မှု’ သည် ယခု အခါ ထူးထူးခြားခြား ‘မြန်မာစကား ပြောပြီး ဗမာ နှင့် အိန္ဒိယ ရုပ် ပေါက်သူများ’ ကို ဖမ်းဆီး စစ်ဆေးမှု မလုပ်ဘဲ တိုင်းရင်းသား ရုပ် ပေါက်သူများ ကိုသာ ရွေးချယ် ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ခရီးသွားများ ပြောပါသည်။
၎င်းတို့သည် မူးယစ်ဆေးဝါး သုံးစွဲခြင်း မရှိသော်လည်း တွေ့ရှိသည့် နေရာ၌ ရဲများ၏ ဖမ်းဆီးပြီး ဆီးစစ်မှုများ ခံနေရခြင်းဖြစ်ကြောင်း သိရသည်။
ယခုလို ဖမ်းဆီး စစ်ဆေးမှုများကို မြန်မာ နိုင်ငံသားများ အဓိကရှိသည့် Manghai၊ Wangding၊ Shweli၊ Jiegao၊ Longchuan နှင့် Yingjiang မြို့များနှင့် နယ်စပ် တလျှောက် လမ်းခရီးများတွင် ပြုလုပ်နေသည်ဟု ဆိုပါသည်။
ပြီးခဲ့သည့် သြဂုတ်လ က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ၏ တရုတ်နိုင်ငံ အလည် အပတ် ခရီး နောက်ပိုင်း ကချင်နှင့် နယ်စပ် တလျှောက် အခြား တိုင်းရင်းသားများသည် တရုတ် ရဲများ၏ တင်းတင်းကျပ်ကျပ် ဖမ်းဆီး စစ်ဆေးခြင်း ခံနေရခြင်း ဖြစ်သည်။







