ဟူးကောင်း KIA တပ်ရင်း ၁၄ နယ်မြေတွင် အစိုးရတပ်နှင့် တိုက်ပွဲ ပြင်းထန်

ဟူးကောင်း KIA တပ်ရင်း ၁၄ နယ်မြေတွင် အစိုးရတပ်နှင့် တိုက်ပွဲ ပြင်းထန်
by -
ကေအဲန်ဂျီ
မြန်မာ အစိုးရတပ် စစ်ကြောင်း ထိုးစစ်များကြောင့် ဟူးကောင်းချိုင့်ဝှမ်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၄ ထိန်းချုပ် နယ်မြေမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ရွှေမှော်အများအပြားရှိသည့် KIA စခန်းများသို့ တပ်မတော် စစ်ကြောင်းများ ဆက်လက် စစ်ဆင်တိုက်ခိုက် လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံများ ဆိုပါသည်။

သြဂုတ် ၁၀၊ ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီင်္ကျော်မှာ လီဒိုလမ်းမပေါ် ရှထူးဇွပ် (Shahtu Zup) ကျေးရွာအနီး KIA တပ်ရင်း ၁၄ ထိန်းချုပ်သော အောင်လဲန်မှော် (Awng Len maw)၊ ချောင်းစုံ (Hka Da Zup)၊ စီတွမ်မှော် (Si Tum maw) စသည့် (၃)နေရာမှ KIA စခန်းများကို အစိုးရတပ်များ တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားကြောင်း KIA ဘက်က ပြောပါသည်။

တနာရီခန့် တိုက်ပွဲဖြစ်ပွား ပြီးနောက် အောင်လဲန်စခန်း (Awng Len post) ကို KIA တပ်ရင်း ၁၄ ဘက်မှ နောက်ဆုတ်ပေးလိုက်ရကြောင်း KIA က ဆိုပါသည်။

နှစ်ဖက် အကျအဆုံးနှင့် ထိခိုက်မှု သတင်းကိုမူ မသိရသေးပါ။

ပြီးခဲ့သည့် အပတ်မှစပြီး ယင်း ရွှေမှော်များတွင် နှစ်ဖက်တိုက်ပွဲများကြောင့် ရွှေမှော်ရှိ ကချင်ပြည်နယ် ဒေသခံနှင့် အခြားဒေသမှလာရောအလုပ် လုပ်ကိုင်သူ အရပ်သား ပြည်သူ တစ်ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရပါသည်။

တိုက်ပွဲကြောင့် ရွှေမှော်အတွင်း ပိတ်နေသည့် ပြည်သူများကို KIA နှင့် ဒေသခံ ဘာသာရေး အဖွဲ့အစည်းများ၊ လူမှု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များမှ ခိုလှုံရာ နေရာ၊ အစားအသောက်နှင့် ဆေးဝါးများ ကူညီပေးနေကြောင်း ကချင် သတင်း ဌာန KNG စုံစမ်းသိရသည်။

သို့သော် ယင်းဒေသရှိ အစိုးရ တိုက်နယ် ဆေးရုံများ နှင့် ကျေးလက်ဆေးပေးခန်းများကို စစ်ရှောင် ပြည်သူများ ရောက်လာချိန် ပိတ်ထားကြောင်း အကူအညီ ပေးသူများ ဆိုပါသည်။

မိုးကောင်း-ဖားကန့် လမ်းဘက်မှာ လည်း အစိုးရတပ်နှင့် KIA တပ်ရင်း ၆ တပ်ဖွဲ့များ ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်ဟု ဒေသခံများမှ သိရပါသည်။

 ဟူးကောင်း တိုက်ပွဲတွင် အစိုးရတပ်နှင့်အတူ ရှမ်းနီးပြည်သူ့စစ်နှင့် ဂွေထူ ပြည်သူ့စစ် (လဆန်အောင်ဝါ ပြည်သူ့စစ်) များ ပါ၀င်လာသည်ဟု လိုင်ဇာ ဗဟိုဌာနချုပ်မှ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

အစိုးရတပ်များသည် ‘အရပ်ဝတ်နှင့် ရဲ ယူနီဖေါင်းများ’ ၀တ်ဆင်ပြီး KIA တပ်ရင်း (၆) ဖားကန့် ကျောက်စိမ်းမှော် ဘက်ကို စစ်အင်အား ဖြည့်နေသည်ဟု KIA က ဆိုပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...