ယင်းဖိုရမ်ကြီးသို့ကချင်မျိုးနွယ်စု(၆)မျိုးမှ ကိုယ်စားလှယ်များ၊ CSO ကိုယ်စားလှယ်များ၊ လူငယ်အဖွဲ့များ နှင့် အခြားဖိတ်ကြားထားသောဧည့်သည်များစုစုပေါင်းအယောက် ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးကိုယ်စားလှယ် ဦးလော့ဒ်အောင် က ပြောပါသည်။
ဖိုရမ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာကဏ္ဍ ၆ ရပ်ဖြစ်သည့် နို်င်ငံရေး၊လုံခြံုရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြေယာကဏ္ဍနှင့် အခြားကဏ္ဍအစရှိသည့် ကချင်တိုင်ရင်းသားများ၏ လိုအပ်ချက် များကိုအကောင်ထည်ဖော်ပေးနိုင်မည့် ကိုယ်စားလှယ်များအား ရွေးချယ်နိုင်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ ဒေါက်တာကောန်လကအဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
နှစ်ရက်သာ ပြုလုပ်ခဲ့သည့် ယင်းဖိုရမ်တွင် ပြည်ထောင်စုအစိုးရနှင့် ဆွေးနွေးတိုင်ပင်မည့် ကိုယ်စားလှယ် ၁၂ ဦးကိုမဲပေးရွေးချယ်ခဲ့ပြီဖြစ်သည်။
၄င်း ၁၂ ဦးအနက် ၃ ဦးမှာ နို်င်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည့် ဦးဆောင်သည့် ၂၁ ရာစုပင်လုံပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ရမှာဖြစ်ပြီး ကျန်၉ ဦးမှာ နည်းပညာအကြံပေးအဖြစ် ပူးတွဲဆောင်ရွက်သွားမည့် အကြောင်းဒေါက်တာကောန်လက ပြောသည်။
သို့သော်လည်းယခုညီလာခံသည် စစ်မှန်သည့်ကချင်လူထုကိုယ်စားပြု ဖိုရမ်အဖြစ် မသတ်မှတ်နို်င်သည့်အတွက် ဖိတ်ကြားထားသည့် အဖွဲ့များမှ အချို့မှာမတက်ရောက်နိုင်ကြောင်း သဘောထားထုတ်ပြန်မှုများရှိသကဲ့သို့ အလားတူအခြားဝေဖန်မှုများစွာလည်းရှိခဲ့ပါသည်။







