Published
Wednesday, May 18, 2016
KIA ကို အစိုးရ ဂျက်တိုက် လေယာဉ်ဖြင့် တိုက်ခိုက်
ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၂၇) စခန်း ပစ်မှတ်များ ကို အစိုးရတပ်မှ ယနေ့ ဂျက်တိုက် လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အစိုးရ ဂျက်တိုက် လေယာဉ် ၂ စီးဖြင့် KIA တပ်ရင်း (၂၇) နယ်မြေဖြစ်သည့် အူလန်ပါ (Ulang Pa) နှင့် ခ ရှန် (Hka Shang) ကြား နေရာတစ်ဝိုက် နံနက်ပိုင်း (၁၁) နာရီခွဲခန့်တွင် တစ်ကြိမ်နှင့် မွန်းလွဲပိုင်း (၄) နာရီခန့် တစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် KIO/KIA လိုင်ဇာ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူ ဒုဗိုလ်မှူးကြီးနော်ဘူ က ကချင်သတင်းဌာန KNG ကို ပြောသည်။
ယခုလို အစိုးရတပ်၏ လေကြောင်းဖြင့် တိုက်ခို်က်မှုတွင် KIA ဘက် ထိခို်က် ကျရှုံးမှု ရှိ မရှိ မသိရသေးကြောင်း ဒုဗိုလ်မှူးကြီး နော်ဘူ က ဆက်ဆိုသည်။
ယင်း KIA တပ်ရင်း (၂၇) နယ်မြေ မံစီမြို့တွင် အစိုးရတပ်နှင့် မေလ (၁၅) ရက်နေ့ကစပြီး နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလာသည်။







