ကချင် ဆရာမ နှစ်ဦး အမှု ခမရ (၅၀၃) စစ်ကြောင်းမှူး ကို စစ်ဆေး တော့မည်

ကချင် ဆရာမ နှစ်ဦး အမှု ခမရ (၅၀၃) စစ်ကြောင်းမှူး ကို စစ်ဆေး တော့မည်
by -
ကေအဲန်ဂျီ
ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး မ မရန် လုရာ (Maran Lu Ra) နှင့် မ တန်ဘောင် ခေါန်နန်စင် (Tangbau Hkawn Nan Tsin) တို့အား ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးရွာ (Kawng Hka) ၂၀၁၅ ဇန်နဝါရီ ၁၉ ရက်ည တွင် လူတစ်စုမှ အတင်းအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုပေါ် ကျူးလွန်သူဟု သံသယရှိသူ အစိုးရတပ် ခမရ (၅၀၃) စစ်ကြောင်းမှူး ဗိုလ်မှူး အောင်ဖြိုးမြင့် ကို စစ်ဆေးခွင့် ရတော့မည် အကြောင်း သိရသည်။

သို့သော်လည်း ယခု စုံစမ်းစစ်ဆေးရာတွင် ကချင်ရှေ့နေများ ပါဝင်လျက် ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC မှ ဖွဲ့စည်းထားသော အမှုစုံစမ်းဖော်ထုတ်ရေး အဖွဲ့က စစ်ဆေးခွင့်ရမှာ မဟုတ်ဘဲ အစိုးရဘက်မှသာ စစ်ဆေးမည် ဖြစ်ကြောင်း KBC ပြန်ကြားရေးဌာန (Mu Na Kyit Hkai Dap) တာဝန်ခံ ဆရာ လမာယော (Sara Lama Yaw) က ပြောသည်။

ဤသတင်းနှင့် ပတ်သက်ပြီး KBC အဖွဲ့ချုပ် အမှုစုံစမ်းဖော်ထုတ်ရေးအဖွဲ့ တာဝန်ရှိသူ KBC အထွေထွေအတွင်းရေးမှူး Rev. Hkalam Samson ကို ကချင်သတင်းဌာန မှ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

သံသယရှိသူ ဗိုလ်မှူးအောင်ဖြိုးမြင့် ကို မေလ ၁၇ ရက်၊ လာမည့်အပတ် အင်္ဂါနေ့ လောက်တွင် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကချင်စုံစမ်းရေးအဖွဲ့အနေဖြင့် နားထောင်သူအဖြစ်သာ ပါဝင်ရဖို့ ရှိနေသည်ဟု ဆရာလမာယောက ဆက်ပြောသည်။

ထို့ကြောင့် အမှုမှန်ပေါ်ပေါက်လာရေးအတွက် အားလုံး ဝိုင်းဝန်းဆုတောင်းပေးကြဖို့လည်း KBC က ၄င်း၏ လူမှုကွန်ရက်စာမျက်နာ ဖေ့စ်ဘွတ်တွင် ယမန်နေ့က တိုက်တွန်းထားသည်။

ကချင်ဆရာမနှစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် အမှုကျူးလွန်သူအဖြစ် သံသယဖြစ်ဖွယ် အရှိဆုံးသူမှာ ယင်း ခမရ (၅၀၃) မှ ဗိုလ်မှူး အောင်ဖြိုးမြင့် ဖြစ်သည်ဟု အမှုတစ်နှစ်ပြည့် ၂၀၁၆ ဇန်နဝါရီ ၁၉ ရက်နေ့က ကချင်အမျိုးသမီးများ အစည်းအရုံး ထိုင်းနို်င်ငံ (KWAT) နှင့် ဥပဒေ အထောက်အကူပြု ကွန်ရက် (LAN) တို့၏ ပူးတွဲ အစီရင်ခံစာတွင် ခိုင်လုံစွာ သက်သေနှင့် တကွ တင်ပြ ထားသည်။

ဆရာမနှစ်ဦးသည် KBC အဖွဲ့ချုပ်မှ စေလွှတ်သော စေတနာ့ ဝန်ထမ်းများ ဖြစ်ကြပြီး ကောင်းခါးရွာတွင် ၈ လခန့် အကြာ တာဝန် ထမ်းဆောင်နေစဉ် အုပ်စုလိုက် အဓ္ဓမပြုကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...