ဟူးကောင်း လယ်သမားများနှင့် ယုဇန ကုမ္ပဏီ ကြား ပြဿနာ ပြန် ဖြစ်လာ

ဟူးကောင်း လယ်သမားများနှင့် ယုဇန ကုမ္ပဏီ ကြား ပြဿနာ ပြန် ဖြစ်လာ
by -
ကေအဲန်ဂျီ
မေလ ၄ ရက်နေ့ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း လီဒို လမ်းမပေါ်ရှိ နောင်းမီ (Nawng Mi) ကျေးရွာအုပ်စုမှာ မြေယာကိစ္စနှင့် ပတ်သက်ပြီး ဒေသခံတောင်သူများနှင့် ယုဇန ကုမ္ပဏီ တို့ဖြစ်ပွားခဲ့သည့် အရေးပေါ် ပြဿနာကို မနက်ဖြန် ဖားကန့်မြို့နယ် တာဝန်ရှိသူများမှ လာရောက်ဖြေရှင်းမည် ဖြစ်သည်။

နောင်းမီ (Nawng Mi) ကျေးရွာအုပ်စုမှာ ပါဝင်သည့် တိန်ဂေါဘွမ် (Tinggaw Bum)၊ နွမ်ဘရော့ယာန် (Numbraw Yang)၊ လမုန်ဒွမ် (Lamung Dum)၊ ဒဂရောမ်ယာန် (Dagrawm Yang) နှင့် ခကျန်ယာန် (Hka Chyang Yang) နေရာ ၅ ခုမှာ မေလ ၄ ရက်နေ့ မနက်က ယုဇန ကုမ္ပဏီလူကြီးများနှင့် တကွ လူဦးရေစုစုပေါင်း ၈၀ ယောက်၊ ကား ၉ စင်း၊ ဘက်ဖိုး ၁ စီးဖြင့် ရောက်လာကာ တောင်သူများ၏ ယာခင်းကို မြေတူးစက်ဖြင့် ဖျက်ဆီးကာ ပိုင်နက်မြေ မကျူးကျော်ရ သတ်မှတ်ခဲ့သောကြောင့် ဒေသခံ တောင်သူ အင်အား ၂၀၀ ကျော်နှင့် ရုန်းရင်းဆန်ခတ် ဖြစ်မည့် အလားအလာအထိ ရှိခဲ့သည်ဟု မြေသိမ်းခံ လယ်သမားများနှင့် ဖွဲ့စည်းထားသော ကချင်လူမှုအဖွဲ့အစည်း (Mung Chying Rawt Jat – MRJ) ဟူးကောင်းတာဝန်ခံ ဦးလရှီးအောင်လတ် (Slg. Lashi Awng Lat) က ပြောသည်။

မနက်ဖြန်တွင် လယ်ယာအသိမ်းခံထားရသော နေရာများမှ တောင်သူများ ၁၇ ဦးနှင့်ဖွဲ့စည်းထားသည့် အဖွဲ့နှင့် ယုဇနကုမ္ပဏီတို့ သည် အစိုးရနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးမည့် အချိန်နှင့် နေရာကိုမှု မသိရသေးကြောင်းနှင့် မြို့နယ်အရာရှိများကို ယုဇနဘက်မှ ယနေ့ညနေ သွားရောက်ခေါ်ယူနေကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် ဒေသခံ ကချင်တောင်သူများ ကလည်း ဘိုးဘွားတို့ ပိုင်နက်လယ်မြေ ဖြစ်သဖြင့် လက်မလျော့နို်င်ကြောင်းနှင့် ယုဇနကုမ္ပဏီဘက်မှလည်း အစိုးရ ခွင့်ပြုမိန့်နှင့် လုပ်တာကြောင့် နောက်မဆုတ်နို်င်သည့် အခြေအနေတွင် နှစ်ဖက် တင်းမာနေကြောင်း သူက ပြောပါသည်။

ယခင် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ၂၀၀၆ မှစပြီး ကချင်ပြည်နယ် ဟူးကောင်းဒေသကို ယုဇန ကုမ္ပဏီ ဝင်လာပါသည်။ ဟူးဟောင်းချိုင့်ဝှမ်း ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ် ဒေသခံပြည်သူများ၏ လယ်ယာမြေများ သိမ်းယူခဲ့ပြီး လျော်ကြေးပေးရန်လည်း ပျက်ကွက်ခဲ့သည်။

ယုဇန ကုမ္ပဏီ၏ ဖားကန့်မြို့နယ်အတွင်း မြေယာသိမ်းပိုက်ထားမှုမှာ ဧကပေါင်း ၂၇၀၀၀၀ ကျော်ရှိကြောင်း ဦး လရှီးအောင်လတ်က ပြောသည်။

ယခု ပြဿနာဖြစ်နေသော နောင်းမီကျေးရွာအုပ်စုတွင် ယခင် ယုဇန ကုမ္ပဏီမှ သိမ်းပိုက် လုပ်ကိုင်ပြီး တခါသာ စိုက်ပျိုးခဲ့သည့် နေရာတွင် ဒေသခံများ ပြန်လည် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေရာမှာ ထပ်မံ ပြန်လာပြီး မောင်းထုတ် နေခြင်းဖြစ်သည်။

သို့သော်လည်း ဒေသခံပြည်သူများက လက်ရှိ အရပ်သားအစိုးရသစ် သည် ပြည်သူဘက် ရပ်တည်ပေးမည်ဟု အပြည့်အဝ အားကိုးနေကြသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...