ဧပြီ ၂၉ တွင် ဖားကန့်မြို့နယ် ကပ်မော် (Kap Maw) ကျေးရွာအုပ်စု ဆဘော်မှော် (ကျောက်နီ်မှော်) တွင် အဓိက မူးယစ်ဆေး သုံးစွဲ ဖြန့်ဖြူးနေသည့် ရှမ်းနီနှင့် ကချင်လူမျိုး အချို့ကို ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၆ ပြည်သူ့စစ် အဖွဲ့ (M.H.H) က ဖမ်းဆီးခဲ့ကြောင်း KIA ဒု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ဖမ်းဆီးခံထားရသူ တစ်ဦးဖြစ်သည့် ဦးစိုးထွန်းသည် နန့်ယား ရှမ်းနီ ရန်ပုံငွေ ရှာဖွေရေး တာဝန်ခံ ဖြစ်သည် သာမက ၄င်းဒေသ နန့်ယား ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် မျိုးမင်းထွန်း၏ ယောက်ဖ အဖြစ်တော်စပ်သူလည်း ဖြစ်ကြောင်း ဒေသခံများပြောသည်။
၄င်းတို့ကို လွှတ်ပေးရန် နန့်ယား (Nam Ya) ပြည်သူ့စစ်မှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ထံ တောင်းဆိုခဲ့ကြောင်း ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ PCG မှ သိရသည်။
ထို့ကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) သည် PCG အဖွဲ့ကို ခေါ်၍ ဖမ်းဆီးထားသော နန့်ယား (Nam Ya) ပြည်သူ့စစ် အဖွဲ့ဝင် အချို့ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ မလွှတ်ပေးပါက စစ်ရေးနှင့် ဖြေရှင်းမည်ဟု သတိပေး ပြောကြားခဲ့ကြောင်း PCG ဘက်မှ သိရသည်။
ထို့နောက် PCG အဖွဲ့သည် ယခုကိစ္စကို ကချင် လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ (Pat Jasan, PJS) မြစ်ကြီးနားနှင့် ဖားကန့် ကို တာဝန်ပေးခဲ့သည်။
ဖားကန့် PJS အဖွဲ့ ခေါင်းဆောင် ဦးမရန် ဂျာလက ဖမ်းဆီးခံထားရသော မူးယစ်ဆေးဝါး သုံးစွဲ ဖြန့်ချိနေသူ နန့်ယား (Nam Ya) ပြည်သူ့စစ် အဖွဲ့ဝင်များကို ကားမိုင်း (Kamaing) အစိုးရ ရဲစခန်းသို့ တရားဥပဒေနှင့် အညီ အပ်နှံရန် စီစဉ်ခဲ့သည်။
ထိုစဉ် မေလ ၂ ရက်နေ့ နန့်ယား (Nam Ya) ရှမ်းနီ ပြည်သူ့စစ် ခေါင်းဆောင် မျိုးမင်းထွန်း က ‘ရဲကို အပ်စရာ မလိုဘူး၊ ငါတို့ကို အပ်လိုက်၊ လွှတ်ဖို့ ငါပြောထားတာ’ ဟု ဆိုကာ ဖမ်းဆီးထားသည့် ပြည်သူ့စစ် အဖွဲ့ဝင်များကို လမ်းခုလပ်မှ အတင်း ခေါ်ထုတ်သွားကြောင်း ဒေသခံများပြောသည်။
ဖြစ်စဉ်တွင် အတူပါလာသော PCG အဖွဲ့မှ အမည်မသိရသူ ၂ ဦးနှင့် မြစ်ကြီးနား ချန်းမှူး မူးယစ် တိုက်ဖျက်ရေး ကော်မတီမှ ၂ ဦး စုစုပေါင်း ၄ ဦးတို့ကို ၄င်းပြည်သူ့စစ်အဖွဲ့မှ မှောက်လျက်လဲခိုင်းကာ နောက်ကျောကို ခြေဖြင့် နှင်းပြီး၊ သေနတ်ပြောင်းဖြင့် မျက်နာတွင် ထိုးနှက်က်ခဲ့ကြောင်း ဆိုသည်။
ယင်း အခြေအနေ အပြီး မေလ ၅ ရက် ယမန်နေ့ မွန်းလွဲပိုင်းမှာတော့ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၆ ရှိရာ ဆိုင်းဖရာ (Seng Hpra) ဘက် အစိုးရနှင့် ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ တက်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
ဒေသခံ မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ အစိုးရဘက် အနည်းဆုံး ၄ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင်း နန့်ယား (Nam Ya) ပြည်သူ့စစ်များက ၎င်းတို့ကိုယ်တိုင် မူးယစ်ဆေးဝါးများ သုံးစွဲကာ ကျေးရွာအတွင်း အဓိက မူးယစ်ဆေးဝါး မြင်းဆေး (စိတ်ကြွဆေး)၊ ဘိန်းဖြူနှင့် ဘိန်းမဲများ လွတ်လွတ်လပ်လပ် ရောင်းဝယ် ဖြန့်ဝေနေသည့် ‘ဂန္တဝင် ထမင်းဆိုင်’ ကို အရေးယူဖမ်းဆီးခြင်း မပြုဘဲ အကာကွယ်ပေးနေသည့် အကြောင်း ဒေသခံများမှ ကချင်သတင်းဌာန KNG ကို နှစ်ဆန်းပိုင်းက သတင်းပို့ခဲ့ဖူးသည်။
နန့်ယား (Nam Ya) ရှမ်းနီ ပြည်သူ့စစ်ကို အစိုးရတပ်မှ ဖွဲ့စည်းပေးခဲ့ခြင်းပြီး ၄င်းတို့ ၀တ်စုံတွင် မြန်မာစစ်တပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ‘မြှား’ တံဆိပ် တပ်ထားသည်။
ကချင်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ပပျောက် ကင်းစင်ရေး အတွက် ကချင် လူမှုအဖွဲ့အစည်းများ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေစဉ် အစိုးရ ကျောထောက်နောက်ခံ ပြည်သူ့စစ်များက လူထုနှင့်ဆန့်ကျင်ဖက် ပြုနေခြင်း ဖြစ်သည်။
ထို့ကြောင့် ယင်း မူးယစ်ဆေးဝါး ပြဿနာသည် ဖားကန့်ဒေသ KIA နှင့် အစိုးရတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ရသည့် အခြေအနေကို ဦးတည်စေခဲ့သည်။







