ဘိန်း ဖျက်ဆီးရေး ဆန့်ကျင်သော အစိုးရ ပြည်သူ့စစ် နှင့် KIA တိုက်ပွဲ ဖြစ်

ဘိန်း ဖျက်ဆီးရေး ဆန့်ကျင်သော အစိုးရ ပြည်သူ့စစ် နှင့် KIA တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ကန်ပိုင်တီဒေသ ဘိန်းခင်းတိုက်ဖျက်ရေး ဆန့်ကျင်သည့် အစိုးရ ပြည်သူ့စစ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၃ တို့ကြား ယမန်နေ့ မတ် ၂၂ နေ့က တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

KIA တပ်ရင်း ၃ ဌာနချုပ် စခန်းတည်ရှိရာ ငွှါးလေး (Ngwa Le) နှင့် မဝေးသောနေရာ ထန်းမော်ခန်း (Htang Maw Hkang) ရွာ အနီးတွင် KIA ဘိန်းခင်း တိုက်ဖျက်ရေး တပ်ဖွဲ့နှင့် အစိုးရ ပြည်သူ့စစ် ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ကို KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာမှ ဒုဗိုလ်မှူးကြီး နော်ဘူ က ကချင်သတင်းဌာန KNG ပြောသည်။

“သေချာလိမ့်မယ်။ ကျနော်တို့ထံ အသေးစိတ် အကြောင်း မကြားသေး ပေမယ့် တိုက်ပွဲဖြစ်သွားတာက သေချာ လိမ့်မယ်”

နှစ်ဖက် တပ်ဖွဲ့ကြား ကန်ပိုင်တီအတက် လမ်းမ အနောက်မြောက်ဘက်ရှိ ထန်းမော်ခန်း (Htang Maw Hkang) ရွာအနီးတွင် တစ်နာရီမျှအကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကို ‘Myu Tsaw Kasa’ facebook ပေါ် သတင်း ရေးသားသူ တစ်ဦး ကလည်း ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောခဲ့သည်။

ယခုအပတ်မှ စပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ်ကို ဘိန်းခင်း ဧက ထောင်ပေါင်း များစွာရှိသည့် အစိုးရ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာ၊ ယခင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ထိန်းချုပ်သော ကန်ပိုင်တီနှင့် ဆဒုံ ဒေသတို့တွင် စတင် ပြုလုပ်နေပြီဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး နော်ဘူ ဆက်ပြောသည်။

“ကျနော်တို့ KIO/KIA က မူးယစ်တိုက်ဖျက်ဖို့ လုပ်ငန်းတွေက မူဝါဒ အရ ပုံမှန်ရှိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကျနော်တို့ လက်လှမ်း မီသလောက်ကို အဲဒီဘက်မှာ စတင်လုပ်လာတာဖြစ်လိမ့်မယ်”

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကချင် ခရစ်ယာန် အသင်းတော် ဂိုဏ်ပေါင်းစုံ ဦးဆောင်သည့် လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ကန်ပိုင်တီ ဘိန်းခင်းတိုက်ဖျက်ဖို့ တက်လာချိန် ဘိန်းခြံပိုင်ရှင်များ၊ အစိုးရနယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ သေနတ် ဗုံး တို့ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက် ခဲ့ခြင်းကြောင့် ဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ်ကို ရပ်နားခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ယခု ဘိန်းခြံများ ရိတ်သိမ်းချိန်တွင် KIA တပ်ရင်း ၃ တပ်ဖွဲ့များက ကန်ပိုင်တီ ဒေသ တစ်ဝိုက်တွင် ဘိန်းခင်းများကို လိုက်လံ ဖျက်ဆီးလာနေခြင်းဖြစ်သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...